Thursday, May 15, 2014

မွေးနေ့ကျေးဇူးတရား



မွေးနေ့ကျေးဇူးတရား

၃၉ ပြည့်နိုင်အောင် အစပြုမွေးဖွားပေးတဲ့
မိဘနှစ်ပါးကို ကျေးဇူးတင်တယ်။

အာယု ၂၀ ကျော်မှာ တော်လှန်ရေးအစပြုဖို့
လမ်းခင်းပေးတဲ့ တအာင်းတပ်မတော် PSLA ကို ကျေးဇူးတင်တယ်။

အမျိုးသားရေးအတွက် မဟုတ်မခံအန်တုဝံ့တဲ့သတ္တိကိုမွေးဖွားပေးတဲ့
တအာင်းလူငယ်အဖွဲ့အစည်းကို ကျေးဇူးတင်တယ်။

ဥပဒေနောက်ဆုံးနှစ်ကျောင်းသားတယောက်ကို
နိုင်ငံရေးအခြေပြု ဥပဒေရှုထောင့်တွေစုံစိအောင် လက်တွေ့အလုပ်နဲ့သင်ကြားခွင့်ပေးတဲ့
ဦးအောင်ထူးနဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီကို ကျေးဇူးတင်တယ်။

ဖိနှိပ်မှုကိုတွန်းလှန်ဖို့ ခက်ထန်တဲ့အမျိုးသားရေးစိတ်ဓါတ်ကို
ဒီပလိုမေစီသွတ်သွင်း နိုင်ငံရေးအခင်းအကျင်း ခွဲခြမ်းစိတ်ဖြာသင်ကြားပေခဲ့တဲ့
ပရောဖက်ဆာခရစ်သီးနားနဲ့ ချင်းမိုင်က FAT ကျောင်းတော်ကြီးကို ကျေးဇူးတင်တယ်။

လူငယ်ဘ၀ရင့်ကျက်ဖို့
လက်တွေ့တအာင်းဌာနေလူထုဘ၀ကိုနားလည်ဖို့
၃ နှစ်တာ ဦးဆောင်အကောင်အထည်ဖော်ခွင့်ပြုခဲ့တဲ့
တချိန်တုန်းက PYNG တဖြစ်လဲ TSYO ကို ကျေးဇူးတင်တယ်။

မြန်မာ့ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေးကို ပိုနားလည်အောင်
တွဲဖက်အတွင်းရေးမှူး-၂ အဖြစ် မရှိခဏ ၃ နှစ်တာအသုံးတော်ခံပြီး
ကျပ်တည်းတဲ့အစည်းအဝေးတွေကို ဖြတ်သန်းခွင့်ပြုခဲ့တဲ့
DAB ဒီမိုကရေစီအဖွဲ့ချုပ်ကြီးကို ကျေးဇူးတင်တယ်။

မတူကွဲပြားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဘိုးအေ
သမိုင်းမသေတဲ့ မဒတမှာ အထွေထွေအတွင်းရေးမှူးအဖြစ်
ယုံကြည်စွာအပ်နှံ ၃ နှစ်တာအလုပ်အကျွေးပြုခွင့် ပေးခဲ့တဲ့
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF ကို ကျေးဇူးတင်တယ်။

တအာင်းအမျိုးသားလွတ်မြောက်ဖို့အတွက်နဲ့
မပြီးသေးသမိုင်းကို ဆက်လက်ရေးသားဖို့
TNLA ကိုဝန်းရံပံ့ပိုးပေးကြတဲ့ တအာင်းလူထုကြီးကို ကျေးဇူးတင်တယ်။

တအာင်းတပ်မတော်ကြီး အင်အားတောင့်တင်းလာအောင်
ဒုက္ခအမျိုးမျိုးခံပြီး ဘ၀ပေးတိုက်ပွဲဝင်ကြတဲ့
TNLA ခေါင်းဆောင် တပ်မှူးတပ်သားအားလုံးကို ကျေးဇူးတင်တယ်။

တအာင်းတပ်မတော် ကြီးမားတိုးတက်ဖို့
ဝန်းရံပံ့ပိုး ကူညီထောက်ခံပေးတဲ့ မဟာမိတ်တပ်တွေကို ကျေးဇူးတင်တယ်။

ဖွံ့ထွားလာတဲ့ TNLA တအာင်းတပ်မတော်ကို မူဆယ်မြို့ကတဆင့်အများပြည်သူကြား
မိတ်ဆက်ဂါရ၀ပြုခွင့် ဖန်တီးပေးမိခဲ့တဲ့
ကွက်ကျော်မှားတွက်သူ ဦးအောင်မင်းနဲ့ MPC ကို ကျေးဇူးတင်တယ်။

အမျိုးသားရေးအလုပ်တွေကြားနစ်မွန်း
တာဝန်ပေါင်းများစွာ အကြိမ်ကြိမ်အခါခါလစ်ဟင်းတာကို
နားလည်ခံစားပေးတဲ့ ပါရမီဖြည့်ဖက် မာအရိန်း (မိုး) ကိုကျေးဇူးတင်တယ်။

နောက်ဆုံးတော့ တော်လှန်ရေးအလုပ်ကြောင့်
ခွန့်တုန့်ပြန်အလုပ်ကြွေးမပြုနိုင်တာကို နားလည်ခွင့်လွတ်ပေးတဲ့
အနန္တဂိုဏ်းဝင် ရိုးသားတဲ့မိဘအိုနှစ်ပါးကို ကျေးဇူးတင်တယ်။

ဘုန်းကျော် (လက်ဖက်မြေ)
၁၅၊ မေ၊ ၂၀၁၄ (၀၁း၅၁ နာရီ)
(၂၃ ရက် မေလမှာပြည့်မဲ့ ၃၉ နှစ်မွေးနေ့ ကြိုတင်အမှတ်တရ စိတ်ကူးရေးသားခံစားကြည့်တာပါ။)









No comments: