Tuesday, May 3, 2011

ပလောင် ရိုးရာမဟာဝါဆိုပွဲတော်


ဝါဆိုမိုး တဖွဲဖွဲကျလာရင် တောင်ကုန်းအနိမ့်အမြင့်အဆင့်ဆင့်တွေကို တက်ဆင်းကျော်ဖြတ်ရင်း တအိမ် တက် တအိမ်ဆင်းပြီး ဆွမ်းဆန်စိမ်းခံထွက်ခဲ့ရတဲ့ ငယ်ငယ်တုန်းက တောင်ပေါ်ဘုန်းကြီးကျောင်းသား ကပ္ပိယ ဘ၀ကို လွမ်းဆွတ်တမ်းတ မိပါတယ်။
ဝါဆိုလပြည့်နေ့မှာ ဆွမ်းတွေ အလျှံပယ် ကပ်လှူပူဇော်နိုင်ဖို့ရယ် တရားစခန်းဝင်တဲ့ ဥပုပ်သည်တွေ၊ ဥပုပ်သည်ကိုပြုစုဖို့လာတဲ့သူတွေနဲ့ ရပ်နီးရပ်ဝေးကလာတဲ့ ၀ါဆိုပွဲလာပရိတ်သတ်တွေကို ဧည့်ခံ ကျွေးမွေး နိုင်ဖို့နဲ့ ပြီးတော့ တောင်ပေါ်ရိုးရာဝါဆိုပွဲတော်ကြီး စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့ဆိုတာ ကျနော်တို့ ရဲ့ ဆရာတော်ဘုန်းကြီးတွေ၊ ဘုရားဂေါပကအဖွဲ့၊ ရပ်ရွာလူကြီးများနဲ့ ကျနော်တို့ ဘုန်းကြီးကျောင်းသား ရပ်ရွာလူငယ်မောင်မယ်များ ရဲ့ တာဝန်တရပ်မဟုတ်လား။

ကျနော်တို့ ပလောင်လူမျိုးတွေဟာ တောင်ပေါ်တောတန်းလက်ဖက်ခြံမှာ နေထိုင်ကြတာမို့ တယောက်နဲ့တယောက် တွေ့ဆုံပြီး စကားစမြည်တွေပြော၊ အလုပ်အကြောင်းတွေဆွေးနွေးရင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောနိုင်ဖို့ဆိုတာ ဒီလိုလူစုံတက်စုံ ပွဲတော်မှာပဲ အားပါးတရ ပျော်ပျော်ပါးပါးကြရတာပါ။

ကျနော်တို့ ဘုန်းကြီးကျောင်းသားတွေဆိုရင် ၀ါဆိုလထဲ ၀င်လာတာနဲ့ပွဲတော်မှာ ဆွမ်းကွမ်းပြည့်စုံ နိုင်ဖို့မိုးထဲလေထဲ နေ့တိုင်းဆွမ်းခံထွက်ကြရပါတယ်။ ရိုးသားပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ ကျနော်တို့ပလောင် မိသားစုတိုင်း အလှူခံလာတဲ့ ကျနော်တို့ကို တောင်ယာထွက်ဆန်တွေ၊ ခြံထွက် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ရက်ရက်ရောရောလှူဒါန်းလိုက်ကြတာ အပြန် တောင်အတက်မှာ ဆွမ်းဆန်စိမ်းတွေကို ဘုန်းကြီးကျောင်း အရောက် ခက်ခက်ခဲခဲ သယ်ပိုးရတာကို လွမ်းဆွတ်မိပါရဲ့။

ဝါဆိုလပြည့်နေ့မရောက်ခင် လဆန်း ၁၂ ရက် ၁၃ ရက် လောက်ဆိုရင် ရွာမှာရှိတဲ့ လူငယ်တွေ၊ ဘုရား ဂေါပကတွေ ရွာမှာရှိတဲ့ ပွဲခံဇရပ်ကြီးမှာ စုရုံးနေကြပြီ။ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီး ကျနော်တို့ ပလောင် ရိုးရာ ၀ါဆိုပွဲတော်ကြီး စည်ကားသိုက်မြိုက်အောင်ကျင်းပနိုင်ဖို့ လုပ်ငန်းတွေစီမံခန့်ခွဲကြရတာပေါ့။ ပွဲတော်မှာနွှဲပျော်ဖို့ အိုးစည်ကြီးတွေ၊ ဗုံမောင်းတွေကိုပြင်ဆင်ကြရပါတယ်။ ဘုရားဆွမ်းတော်နဲ့ ဘုန်းကြီး ဆွမ်းတော်ချက်ဖို့ လူငယ်တွေစုဖွဲ့ ပြီးတာဝန်တွေခွဲကြရတာ မမောနိုင်အောင်ပါပဲ။

လဆန်း ၁၃ ရက်ညနေပိုင်းနဲ့ ၁၄ ရက်မနက်ပိုင်းမှာဆိုရင် ရပ်နီးရပ်ဝေးက ဘိုးဖွားတွေဟာ ဘုန်းကြီး ကျောင်းက ဥပုပ်သည်ဇရပ်ဆောင်မှာ မိုးဖွဲဖွဲကြားက ခမောက်ကြီးကြီးတွေဆောင်းပြီးရောက်လာကြပါပြီ။ သူတို့ရဲ့ သားသမီးတွေက ဥပုပ်သည်အတွက်လိုအပ်မဲ့ သင်ဖျူးဖြာ၊ စောင်၊ အ၀တ်အစားအထုပ်တွေ သယ်လာလို့ပေါ့။ ကျနော်တို့ပလောင်တောင်တန်းမှာ ဥပုပ်စောင့်တာက ဒီလိုပဲ ဥပုပ်သည်ဇရပ်မှာ လာရောက် တည်းခိုပြီး ဘုန်းကြီး ချပေးတဲ့တရားတော်ကိုနာရင်း ညဖက်မှာ ဘုန်းကြီးနဲ့အတူတရားမှတ်ကြရတာပါ။

ဝါဆိုလပြည့်နေ့မှာဆိုရင် ကျနော်တို့ရွာထိပ်က ဘုရားကြီးကို ဆွမ်းဘောဇဉ်ခဲဘွယ် ၄၉ မျိုးပါဝင်တဲ့ မဟာဆွမ်းတော်ကို မနက်အာရုဏ်မတက်ခင် ကပ်လှူပူဇော်ကြပါတယ်။ ထောပတ်၊ သီးနှံပေါင်းစုံ၊ ဟင်းရွက် ပေါင်းစုံ ၄၉ မျိုးပြည့်အောင်စနစ်တကျပြင်ဆင်ပူဇော်ကြတာပါ။ ကျနော်တို့ ကပ္ပီယတွေအတွက်တော့ ဘုရား ဆွမ်းတော်စွန့်တဲ့အချိန်မှာ အပျော်ဆုံးပေါ့၊ တနှစ်မှတခါတာနွှဲပျော်ရတဲ့ မဟာဆွမ်းတော်ကပ်လှူပူဇော် ပွဲကြီးပါ။

မဟာဆွမ်းတော်ချက်တာနဲ့ ပတ်သက်လို့နဲနဲပြောပါရစေ။ ကျနော်တို့လူမျိုးဟာ မဟာဆွမ်းတော်ကို အထွတ်အမြတ်ထားကြတာမို့ ဆွမ်းချက်အဖွဲ့ကို သေချာအောင်စီမံခန့်ခွဲပါတယ်။ ဆွမ်းချက်အဖွဲ့မှာ လူပျို တွေပဲ ပါဝင်ရတာပါ။ ဆွမ်းချက်အဖွဲ့မှာပါတဲ့လူတိုင်း ငါးပါးသီလကိုနိုင်အောင်စောင့်ထိန်းရပြီး မနက်တိုင်း ဘုန်းကြီးဆီမှာ သီလခံယူရပါတယ်။ ဒါကြောင့် ပွဲတော်အတွင်း ကိုယ့်ချစ်သူရည်းစားတွေနဲ့ ချစ်တင်းနှော ပျော်ပါးချင်တဲ့သူတွေဆိုရင် ဆွမ်းချက်အဖွဲ့ထဲ မပါကြဘူးပေါ့။

ဆွမ်းချက်တဲ့အချိန်မှာဆိုရင်လည်း ဆွမ်းချက်မဲ့ မီးဖိုတ၀ိုက်ကို အနှောက်အယှက်ကင်းအောင် ရာဇမတ်တွေကာ ပရိတ်ရွတ်ရပါတယ်။ ဒါ့အပြင် ဆွမ်းတော် ချက်မီးဖိုကို စောင့်ရှောက်ဖို့ ဘီးလူးနက္ခရုပ်တွေကို မီးဖိုနဘေးမှာစိုက်ထိုးထားရတဲ့အပြင် မီးဖိုအမိုးမှာလည်း ထားရပါတယ်။ ပြီးတော့ မနက် မိုးမလင်းခင် ဘုရားဝတ်ပြုပြီးမှ ဆွမ်းချက်ရတာပါ။

အကယ်၍ ဆွမ်းချက်လို့ ဆွမ်းမကျက်ဘူး၊ ဆွမ်းမနပ်ဘူးဆိုရင် ဆွမ်းချက်အဖွဲ့ ခေါင်းဆောင်က အဖွဲ့သား အားလုံးကိုခေါ်ယူစီစစ်ပြီး ဘာတွေအမှားလုပ်ခဲ့မိသလဲ ဆိုတာမေးမြန်းပါတယ်။ ဆွမ်းချက်တဲ့ မီးဖိုတ၀ိုက်မှာ မဖွယ်မရာလုပ်မိသလား၊ တတွေးထွေးမိလား။ ယုတ်စွအဆုံး လေလည်မိလား။ ညစ်ပတ်တဲ့ စကားတွေပြောဆို ပြုမူမိသလား။ ထင်းကိုပြောင်းပြန်မှားဆိုက်မိသလား၊ ဒါမှမဟုတ် ဆွမ်းချက်တဲ့ ကိုလူပျိုက လူမမြင်ကွယ်ရာမှာ အပျိုလေး တွေနဲ့ ဘယ်လိုများနေထိုင်မိခဲ့သလဲ။ တကယ်လို့များအဲ့သည်လိုရှိခဲ့ရင် ကျူးလွန်သူတွေက အပြစ်ကို ရိုးသားစွာ ၀န်ခံပြီး ဆွမ်းချက်အဖွဲ့ကနှုတ်ထွက်ရပါတယ်။ ပြီးတော့ ငါးပါးသီလ ခံယူပြီး ဆွမ်းပြန်ချက်ရပါတယ်။ ဒါကြောင့် လူငယ်တိုင်းဟာ ဆွမ်းချက်အဖွဲ့မှာ ပါဝင်လုပ်အားဒါနပြုနိုင်ရင် ကုသိုလ်ပိုရကြတယ်လို့ ခံယူကြပါတယ်။ အဲဒီလို အချိန်ဆိုရင် အခြားရွာကအဖွဲ့တွေလဲ လာရောက် ဆွမ်းကပ် ကြပါတယ်။ တရွာနဲ့တရွာ အပြန်အလှန် ဆွမ်းပို့ကြတာပေါ့။ မနက်အာရုဏ်မတက်ခင် ဆရာတော်တွေ ဦးပဉ္စင်းတွေ ကိုရင်တွေကိုဆွမ်းလောင်းကြပါတယ်။

ဝါဆိုလပြည့်နေ့မနက်အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပြီးရင် ၀ါဆိုပန်းကပ်ပွဲနဲ့ ၀ါတွင်းသီးတင်းသုံးမဲ့ သံဃာတော် ဆွမ်းဆန်စိမ်းလောင်းပွဲကို ဆက်လက်ဆင်နွှဲကြ တာပါ။ အဲဒီဆွမ်းဆန်စိမ်းလောင်းပွဲဟာ ၀ါတွင်းမှာ သီးတင်းသုံးမဲ့ သံဃာတော်တွေအတွက် လိုအပ်တဲ့ဝတ္ထုတွေပြည့်စုံအောင် လောင်းလှူလေ့ရှိပါတယ်။ ပြီးတော့ ရွာဦးကျောင်းဆရာတော်က ၀ါတွင်းသီးတင်းသုံးမဲ့ သံဃာတော်တွေကို ၀ါတွင်း ကာလသံဃာတွေ ကျင့်ကြံ စောင့်ထိမ်း ရမဲ့ပညက်တော်တွေနဲ့ တရားဓမ္မတော်ကိုဟောကြားပေးပါတယ်။

နောက်တော့ကျနော်တို့ ၀ါဆိုပန်းကပ်ဖို့ ရွာထိပ်ဘုရားကြီး ပတ်ပတ်လယ်က စေတီရင်ပြင်မှာ လှည့်လှယ်စီတန်းကြရင်း ရောင်စုံပန်းမျိုးစုံကို ဘုရားမှာကပ်လှူပူဇော်ကြတာပေါ့၊ ၀ါဆို မိုးဖွဲဖွဲကြားမှာဆိုတော့ ရောင်စုံဒေလီယာပန်းအပွင့် ကြီးငယ်အစုံစုံနဲ့ သစ္စာပန်းတွေနဲ့ တကယ်ကို လှပသာယာကြည်နူးစရာကောင်းတဲ့ ၀ါဆိုပန်းကပ် ပူဇော်ပွဲကြီးပါ။ ဘုရားရင်ပြင်ပေါ်မှာ ၀ိုင်းဖွဲ့ကကြရင်း အိုးစည်ဗုံမောင်းတီးပြီး ရောက်လာကြတဲ့ ဧည့်သည်တွေကို ပျော်ရွှင်အောင်ဧည့်ဝတ်ပြုကြတာပေါ့။ ပလောင်လှပျိုဖြူတွေကလည်း ဒီလိုအချိန်မှာပဲ အလှပြရမှာမို့ ကိုယ့်ရဲ့ရိုးရာ ၀တ်စုံတွေနဲ့ သူ့ထက်ငါအပြိုင် ပိုလှပအောင် ပိုယဉ်ကျေးအောင် ၀တ်စား ဆင်ယဉ်ကြပါတယ်။ ကိုရွှေလူပျိုများဟာလည်း အပျိုချောတွေရှေ့မှောက်မှာ ကိုယ်တော်ကြောင်း တတ်ကြောင်း ကြွားလုံးထုတ်နိုင်တဲ့ ပလောင်ရိုးရာ သိုင်းအက၊ ဓါးသိုင်းအက၊ မီးတုတ်အကတွေ အပြိုင်အဆိုင် ကပြဖျော်ဖြေကြတာပါ။

အဲသည်လိုနေ့မှာကိုပဲ ရွာမှာရှိတဲ့သူတွေက မိမိတို့မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို လာရောက် လှူဒါန်း ကြပါတယ်။ အခြားရွာကလာတဲ့ဧည့်သည်တွေကို ကျွေးမွေးနိုင်ဖို့ပေါ့၊ အဲသည်လို အကျွေးအမွေး ကိစ္စတွေ အဆင်ပြေ ချောမွေ့အောင်လုပ်ဆောင်ပေးတာကတော့ ကျနော်တို့ရွာရဲ့ ကုမ္မာရီ အမျိုးသမီးအဖွဲ့ တွေနဲ့ လုပ်အားစေတနာရှင် လူငယ်တွေပါ။ တရွာနဲ့တရွာ အကျွေးအမွေး သူထက်ငါ ပိုကောင်းအောင် ရှိတဲ့ခြံထွက်သီးနှံတွေနဲ့ အပြိင်အဆိုင် ချက်ပြုတ်ပြီး ဧည့်ဝတ်ကျေအောင်လုပ်ကြပါတယ်။ အဲသည်လို လူအများနဲ့ ပျော်ပျော်ပါးပါး ချက်ပြုတ်ပြီး အချင်းချင်း ခင်မင်မှုတွေ ရင်းနှီးမှုတွေတည်ဆောက်ကြတာ တကယ်ပျော်စရာပါပဲ။

ညဖက်မှာဆိုရင်လည်း ဥပုပ်သည်တွေအဆောင်ဘက်မှာ တရားပွဲရှိပါတယ်။ တရားဟော ဆရာတော် များဟာ ဘုရားရှင်ရဲ့ဇာတ်တော်တွေကို ပလောင်လိုပိုင်ပိုင်နိုင်နိုင် ဟောပြောနိုင်တော့ ဥပုပ်သည် ဘိုးဘွားတွေ ပါမကဘဲ အခြားသူလူငယ်တွေကပါ တရားနာကြတာပါ။

ရွာပွဲခံဇရပ်ကြီးမှာတော့ လူတွေထောင်ပေါင်းမြောက်များစွာ အိုးစည်တီးရင်း ၀ိုင်းဖွဲ့ကကြပါတယ်။ ဇရပ် အလယ်မှာ မီးဖိုအကြီးကြီး မွှေးထားတော့ အလင်းရောင်လည်းရ ကြွရောက်လာတဲ့ပရိတ်သတ်တွေ ကိုလည်း အနွေးဓါတ်ပါ ရစေတာပေါ့။ အဲဒီမီးဖို အကြီးကြီးကိုပဲ ၀ိုင်းပတ်ပြီး လူပျိုအပျိုတွေစုံတွဲ ၀ိုင်းအထပ်ထပ် လှည့်ပတ်ရင်း မီးပုံပွဲမှာကကြပျော်ကြရတာပါ။

ကျနော်တို့ရိုးရာဓလေ့အရဆိုရင် အဲဒီလိုမီးပုံပွဲမှာ စတင်ပြီး ပါဝင်ကပြပြီဆိုတာနဲ့ လူငယ်တွေဟာ ကိုယ့်ကိုယ်ကို အပျို၊ လူပျိုဖြစ်လာပြီလို့ ယုံကြည်လာကြပါတယ်။ အဲဒီတုန်းက ပလောင်ရိုးရာ အိုးစည်ကြီးကို အပျိုလေးတွေရှေ့မှာ အားရပါးရတီးလိုက်တာ ပလောင်မြေ တခုလုံးတောင် ဟီးဟီး မြည်နေလိမ့်မယ် ထင်မိတာကို ခုထိတိုင်အောင်လွမ်းဆွတ်နေဆဲပါ။

ဇရပ်ကြီးရဲ့ လက်ယာဘက်ထောင့် မီးဖိုဘေးမှာတော့ အပျိုနဲ့လူပျို အချင်းချင်း ပလောင်ရိုးရာ သီးချင်းတွေ သီဆိုကြတာ တကယ်ချစ်စရာပါ၊ အပျိုလေးက ကိုလူပျိုကိုစောင်းမြောင်းချိတ်ဆိုလိုက်၊ ကိုလူပျို ကလည်း ရွှေအပျို ချောကို ချီးကြူးထောပနာဂုဏ်ပြုတဲ့ တေးတွေနဲ့ ပြန်ဆိုလိုက်နဲ့ တကယ်ကို မြိုင်ဆိုင်တဲ့ သီချင်းဆိုပွဲကြီးပါ။ အပျိုလေး ဘက်ကဖြစ်ဖြစ် လူပျိုလေးဘက်ကဖြစ်ဖြစ် ချက်ကျကျနဲ့ ပိုင်ပိုင်နိုင်နိုင် ထိညှိပြီး ဆိုလိုက်တိုင်း ပရိတ်သတ်က အမြဲ သြဘာပေးကြပါတယ်။ တကယ်တော့ အခုလိုသီးချင်းဆိုပွဲဟာ လျက်တပြက်ဖြတ်ထိုးဉာဏ်နဲ့ သီကုံးစပ်ဆိုရတာမို့ တကယ်ခက်ခဲတဲ့အလုပ်တခုပါ။

ကျနော်တို့တတွေဟာ အခုလိုပျော်ရွှင်စရာပွဲတော်ကြီးကို လပြည့်ကျော် ၁ ရက် တရားပွဲသိမ်းတဲ့အထိ တောင်လုပ်ကြပါတယ်။ တရားပွဲသိမ်းတဲ့ညမှာတော့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုပါပဲ တကယ်ကို မိုးလင်း ပေါက်ကကြ ဆိုကြတာပါ။ အထူးသဖြင့် ပွဲတော်အတွင်း ဆွမ်းတော်ချက်တာဝန်ယူခဲ့တဲ့ကိုလူပျိုတွေ၊ ရောက်လာတဲ့ ပရိတ်သတ်ကို ကျွေးမွေးဧည့်ခံချက်ပြုတ်ခဲ့တဲ့ ကုမ္မာရီအဖွဲ့နဲ့ လူငယ်တွေဟာ လုပ်ငန်း တာဝန်ပြီးဆုံးပြီမို့ နောက်ဆုံးည မှာအစွမ်းကုန်ပျော်ပါးကြပါတယ်။ တညလုံးမိုးလင်းပေါက် တီးဆိုဝိုင်းဖွဲ့က ကြရင်း မိုးလင်းလို့ နေမြင့်မှပဲ လူစုမခွဲချင်ပေမဲ့ ပွဲတော်ကြီးက ပြီးဆုံးပြီဖြစ်တာမို့ တယောက်နဲ့ တယောက်နှုတ်ဆက်ခွဲခွါ ကြရတာပါ။

ဒါကတော့ ကျနော်တို့ပလောင်လူမျိုးရဲ့ မဟာဝါဆိုပွဲတော်ကြီးအကြောင်းကို ကျနော်ကိုယ်တိုင် နွဲပျော်ခဲ့တဲ့ ကိုးဆယ်ခုနှစ်ဝန်းကျင်က မှတ်မိတာတွေ လွမ်းဆွတ်မိတာတွေတချို့ကို တင်ပြတာပါ။ ခုလည်း ၀ါဆိုလထဲရောက် နေပြီဆိုတော့ ပွဲတော်ကို ကျနော် ပိုလို့ရင်ခုန်လွမ်းဆွတ်မိပါရဲ့။ ပြီးတော့ ခုလို စီးပွားရေး ကျပ်တည်းနေတဲ့ ကျနော်တို့ ပလောင်မိဘပြည်သူတွေဟာ မဟာဝါဆိုပွဲတော်ကြီးကို စည်စည်ကားကား ကျင်းပနိုင်ပါ့မလားလို့ ရင်မောစွာနဲ့ ကျနော်တွေးနေမိပါတယ်။

မိုင်းဘုန်းကျော်(လက်ဖက်မြေ)

၇၊ ၂၂၊ ၂၀၀၅

No comments: