Wednesday, May 4, 2011

တောင်ပိုင်နယ်က မဟူရာ စကားဝိုင်း


ဝီဒွည်ဖိုမ်ငါမ်(က်ုင်ဆိုရ်မျံမ်)

တောင်ပေါ်မြို့လေးဆီသို့ တောင်ပတ် လမ်းများအတိုင်း ကွေ့ကာပတ်ကာဖြင့် အရှိန်မပြတ် မောင်းနှင်လာသည်။ ခြောက်ထပ်ကွေ့။ ယခင်တုန်း ကဆိုလျှင် ကားအတက်အဆင်းများမှာ လမ်းကျဉ်း သောကြောင့်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြ သည်။ ယခုတော့တစ်လမ်းသွား လမ်းမကြီးဖြင့် ဘေး အန္တရာယ်ကင်းစွာသွားလာနိုင်ပေပြီ။ တောင်ပေါ် ရှုခင်းသာ View Point မှ မန္တလေးမြေပြန့်လွင် ပြင်ကြီးကို အပေါ်စီးက ကြည့်ရှုခံစားနိုင်သည်။ ခေတ်စနစ်များ ပြောင်းလာ၍လမ်းပန်းဆက်သွယ် ရေးအသင့်အတင့် အဆင်ပြေလာပေပြီ။ အုပ်စိုး သော မင်းများကို ကျေးဇူးတင်ရမလိုဖြစ်မိသည်၊၊

တောင်ပေါ်ရှုခင်းသာများကို ဖြတ်သန်း ပြီးနောက် ပန်းမြို့တော်ကိုကျော်ဖြတ်ရသည်။ ပြည်ချစ်ဘုရားကိုဖူးမြော်ပြီးနောက် ဖြောင့်ဖြူးသော လမ်းအတိုင်း နစ်ဆန်းကားငယ်လေးက တရိပ်ရိပ် ပြေးလွှားနေသည်။ ဂုတ်ထိပ်ချောက် အဆင်းသည် လည်း ယခင်လို အချိန်မကုန်တော့ပါ။ ကမ္ဘားနှစ်ခုကို နာမည်ကျော် ဂုတ်ထိပ်တံတားကြီးဖြင့် ဆက်သွယ် ထား၍ မီးရထားလမ်းမှာ အချိန်သိပ်မကုန်သော် လည်း ကားလမ်းအတွက် တံတောင်ဆစ်ကွေ့လမ်း များဖောက်ကာ ဂုတ်ထိပ်ချောင်းသို့ဆင်းရသည်။ ချောင်းသည်ဘက်က နောင်ချိုမြို့ နယ်၊ ဟိုဘက်မှာက ကျောက်မဲမြို့နယ်အစ။ ပတ်လမ်းများအတိုင်း ပြန် လည်တက်သည်ကို မှတ်မိပါသေးသည်။ ကျနော် ပထမနှစ်ကျောင်းသားဘ၀က ကျောင်းတက်ရန် မန္တလေးသို့ဆင်းလာစဉ် ချောင်းကြီးကို ပတ်ဖောက် ထားသည့်လမ်းများ မြေပြို၍ ဤနေရာ၌ နှစ်ည အိပ်ခဲ့ရသည်။ ချောက်ထဲထိုးကျသွားသော ကားများ လည်းမနည်းတော့။

ယခုလမ်းကအတန်အတင့်ပြေပြစ်ချော မွေ့ကာသက်သောင့်သက်သာရှိလှသည်။ ချောင်း ကြီးကိုဖြတ်ကျော်ရသည့် အဆင်းအတက်တွင် တစ်နာရီခွဲခန့်မောင်းရသည်။ ယခင်က နေ့ဝက်ခန့် အချိန်ကုန်ရသည် လမ်းမကြီးမှာ ကျယ်ပြန့်ပြေပြစ် သောကြောင့် ကားအရှောင်အတိမ်း အဆင်ပြေ၍ ခရီးတွင်လှပေသည်။ အေးရှားဝေါ(လ်) ကုမ္ပဏီက မူဆယ် - နောင်ချို လမ်းပိုင်းကို တာဝန်ယူဖောက် လုပ်ထားသည်မှာ တောင်စဉ် တောင်တန်းများအပေါ် ပိုးပ၀ါ သွယ်တန်း ရစ်ခြုံထားသည့်ပမာ။
နံနက်လေးနာရီခန့် မန္တလေးမြို့မှစတင် ထွက်ခွာလာသည့် ကျနော်တို့မှာ ကိုးနာရီ မထိုးမီပင် သီပေါမြို့သို့ ရောက်လာသည်။ ရှမ်းခေါက်ဆွဲဆိုင်တွင် ၀င်ရောက်စားသောက်ကာ အပန်းဖြေကြသည်။ ကိုးနာရီခွဲတွင် ဆက်လက်ထွက်ခွာလာကြသည်။ ဦးတည်သွားနေသည်က ကျနော့် ဇာတိချက်ကြွေ မွေးရပ်မြေ နမ့်ဆန်မြို့ဆီသို့။


လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည် ကိုအမွှန်းတင်နေ၍ ကျနော့်အကြောင်းကို ဖော်ပြ ရန်နောက်ကျသွားသည်။ ကျနော်က အပစ်အခတ် ရပ်စဲရေးပြုထားသည့် ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော်မှ ရဲဘော်တစ်ဦး။ မန္တလေးရှိ ရုံးခွဲတွင် ကျနော်တာဝန်ကျသည်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင်ကျင်းပမည့် (၃၉) ကြိမ် မြောက် ပလောင် တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်ရန် မန္တလေးရုံး တာဝန်ခံ ဗိုလ်မှုးနှင့် ကျနော်ဤသို့ ခရီးအပြင်းနှင်ရခြင်းဖြစ်သည်။

တောင်တန်းအထပ်ထပ်ကို ကွေ့ကာ ပတ် ကာနှင့် မောင်းနှင်လာရင်း လီလုရွာရှိ လီလုချောင်း သို့ရောက်ရှိလာသည်။ ချောင်းကြီးမှာ အတန်ငယ် ကျယ်ပါသည်။ ဒုဋ္ဌ၀တီမြစ်သို့ စီးဝင်မည့် ချောင်းကြီးပင်။ ၂၀၀၁ မေလတွင်ရာသီဥတု ဆိုးရွားမှုကြောင့် ကျနော်တို့ပလောင်ပြည်ကြီး ကပ်ဆိုက်ကာ ခြံမြေ၊ လမ်း၊ တံတားအဆောက်အဦးများ ပျက်စီးခဲ့ရသည်၊ လမ်းတံတား ပျက်စီးမှုကြောင့် ခရီးသွားလာမှုမှာ နှောင့်နှေးလျက် ရှိလှပါပေသည်၊၊ နမ့်ဆန်မြို့သို့ ရောက်သည့်အချိန်ကား (၄)နာရီပင် ရှိချေပြီ။

ပလောင်ရဲဘော်များဦးစီး၍ ဖောက်လုပ် ထားသောလမ်းမှာ အချို့နေရာကျောက်ခင်းလမ်း၊ အချို့မှာ မြေသားလမ်းပင်ရှိနေသေးသဖြင့် ခရီး မတွင်လှ။ ဆောင်းတွင်းချိန်မို့လမ်းတွင်ရေဗွက်အိုင်များအနည်းငယ်သာ ရံဖန်ရံခါတွေ့ရသည်။ သို့သော် ခရီးလမ်းမှာကြမ်းနေပါသဖြင့် ဗိုက်ထဲမှ အူများပင် နာလာသယောင်ပင်။

ဗိုလ်မှူးအိမ်တွင်အနားယူအပန်းဖြေကြသည်။ ညစာထမင်းဝိုင်း စတင်စားသောက်ကြရာ စစ်အုပ်ချုပ်ရေးမှူး ရောက်ရှိလာ၍ ထမင်းဝိုင်းမှာ တော်တော်စည် သွားသည်။ ပြောဆိုကြသည့်စကားများကလည်း ကျနော့်အတွက် ဗဟုသုတပွားစရာအတိဖြစ်နေ ပါတော့သည်။

နအဖ၏ အမျိုးသားညီလာခံမှ အခြေ ခံမူ (၁၀၄)ချက်အရကျနော်တို့လိုလားသည့် ဖက်ဒရယ် ပြည်ထောင်စုကို မည်သို့မည်ပုံဆောက်တည်ကြ မည်ကို ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးကြသည်။

“ကျနော်တို့ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကို လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေလည်းလုပ်တယ်။ တိုင်းရင်းသားတွေကိုလည်း အထိုက်အလျောက် မြှင့်တင်ရေးတွေလုပ်နေတယ်။ ကျနော်တို့လာခဲ့တဲ့ မန္တလေး - မူဆယ်လမ်းဟာ အရင်တုန်းက တစ်ပတ် နှစ်ပတ်ခရီးကို ခုတစ်ရက်ခရီးဖြစ်အောင် လမ်းတွေ ကောင်းမွန်တိုးတက်နေပြီပဲ။ တကယ်လို့ သူတို့ရေး ဆွဲထားတဲ့အတိုင်း လေးပုံတစ်ပုံပဲ စစ်အုပ်စုကပါဝင်ပြီး ကျန်တာကို ပြည်သူလူထု ကိုယ်စားလှယ်တွေ ဦး ဆောင်ဖို့ဆိုတာ အခုလက်ရှိ အခြေနေထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာပဲ၊၊ ဒါကို ကျနော်တို့ တိုင်းရင်းသား နှင့် နိုင်ငံရေးခေါင်းဆောင်တွေက လက်မခံနိုင်တာ ကျနော် ရှင်းရှင်းလင်းလင်း သိချင်တယ်ဗျာ” လို့ ကျနော်က ဗိုလ်မှူးတို့ နှစ်ယောက်ကိုစောဒကတက် မိသည်။

“ဒီမယ် အိုက်ထူး - စစ်သားဆိုတာ ဘာလုပ်ရမှာလဲ ”
“နိုင်ငံတော်ကို ပြည်ပရန်ကနေ ကာကွယ်ရမယ်။ ပြည်တွင်း လုံခြုံမှုရှိအောင်ပေါ့”
“ကောင်းပြီ။ စစ်သားဆိုတာ စစ်ရေး ကျွမ်း ကျင်ပြီး တိုင်းပြည်ကို ဘေးရန်ကနေ ကာကွယ်ရမယ်။ စစ်ရေးအလုပ်ထက်ပိုပြီး ပညာရေး၊ စီးပွါးရေး၊ နိုင်ငံရေးတို့ကိုပါ လုပ်လာတော့ ဖွံ့ဖြိုးတိုးတက်မှု ကမြန် ဆန်ပါ့မလား။ အိုက်ထူးကို ဆရာအရင်း အနှီးကြီးကြီး တစ်ခု မြုပ်နှံပေးပြီး စတိုးဆိုင် ဒါမှမဟုတ် စက်ရုံတစ်ခုခု လုပ်ခိုင်းမယ်ဆိုရင် လုပ်နိုင်မလား”

ကျနော် တွေဝေသွားသည်။
“ကျနော်ကြိုးစားပြီးလုပ်မယ်ဆိုရင်တော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် ”
“ဒါပေမယ့် ကျွမ်းကျင်မှုမရှိတော့ အောင် မြင်မှုနှေးမယ်။ ဒါမှမဟုတ် အရှုံးပေါ်မယ်။ ဒါပဲရှိတယ် မဟုတ်လား။ ခု စက်မှုဝန်ကြီးဌာနအကြီးအကဲ ဗိုလ်ချုပ်ဟာ စက်မှုတက္ကသိုလ် တခုခုက ဘွဲ့ရပြီးပြီ လား။ စက်မှုပိုင်းဆိုင်ရာ ဘယ်လောက်ထိ နားလည် ပြီလဲ။ တတ်ထားတဲ့စစ်ပညာနဲ့ဒီစက်မှုလုပ်ငန်း လုပ် တာဟာတိုးတက်ဖို့နဲ့ ဆုတ်ယုတ်ဖို့ ဘယ်လမ်းပိုများ မလဲကွာ”

ဗိုလ်မှူးက ရေနွေးကြမ်းတစ်ခွက် သောက်ရင်း ကျနော့်ကို ကြည့်နေသည်။
“ပြီးတော့ စောစောတုန်းက အိုက်ထူး ပြောသွားတယ် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်း နေပြီဆိုတာဟုတ်တယ်နော်။ မန္တလေး - မူဆယ် လမ်းပိုင်းမှာရှိတဲ့ အေးရှားဝေါ(လ်) လမ်းခွန် ကောက်ခံတဲ့ ဂိတ်တွေရှိတယ်နော်။ သူတို့ရဲ့ ၀င်ငွေတွေ ဘယ်လောက် ရှိမယ်ထင်လဲ”

“ကျနော်တို့ နစ်ဆန်းကားငယ်လေး တော့တစ်စီးတစ်ရာပေးရတယ်။ ကျန်တာတော့ မသိဘူး။ ဒါပေမယ့် သွားလာနေတဲ့ ကားစီးရေ ကိုကြည့်ရင်တစ်နေ့ကို သိန်း ဆယ်ဂဏန်းတော့ ရမယ်ထင်တယ်။ အနီးစပ်ဆုံး ခန့်မှန်းခြေပေါ့”
“လမ်းပန်းဆက်သွယ်ရေး ကောင်း တာတော့ လက်ခံပါတယ်။ မြို့အ၀င်တိုင်းမှာ ရှိတဲ့ အေးရှားဝေါ(လ်) ဂိတ်တွေကို လမ်းခွန်ပေးနေ ရတယ်။ အဲဒီကုမ္ပဏီရဲ့ တစ်နေ့ဝင်ငွေဟာ သိန်း ဂဏန်းမှာပဲ။ ဒါထက် ကူးသန်းရောင်းဝယ်တဲ့ ပစ္စည်းတွေကိုလည်း အစိုးရဆီ အခွန်ဆောင် ရတယ်၊ ပြည်သူတွေအတွက် ကုန်ဈေးနှုန်း ချိုသာ တယ်ဆိုတာ ဘယ်အချိန်ဖြစ်လာတော့မှာလဲ။ သူများနိုင်ငံကိုကြည့်စမ်း လမ်းဖြတ်သန်းခ၊ လမ်းအသုံးပြုခရှိသလား။ မြန်မာပြည်မှာ မြို့ဝင် ဘီးခွန်ဆိုတာတောင် ရှိသေးတယ်မဟုတ်လား”

ကျနော်တို့နိုင်ငံ၏ ဆိုးဝါးသော စနစ် ကြီးကို ခါးခါးသီးသီး မြင်မိသည်။
“မဆလ ခေတ်မှာရော လက်ရှိ နအဖ ခေတ်မှရော ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဆိုပြီး သုံးနှုန်းထားတယ်။ ပြည်နယ်တွေ၊ တိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်လို့ ပြည်ထောင်စုနိုင်ငံလို့ ကျနော်သဘောပေါက်တယ်။ ဒါထက်ပိုတဲ့ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရရဲ့အနှစ်သာရကို ကျနော်ကောင်းကောင်း မသိဘူးဗျာ”

ဗိုလ်မှူးက လေပူတစ်ချက်မှုတ် ထုတ်ပြီး
“ပြည်နယ်တွေစုစည်းပြီး ဖွဲ့ထားတာ ကို အကြမ်းအားဖြင့် ပြည်ထောင်စုနိုင်ငံလို့ ခေါ်တယ်။ အဲဒီလို စုစည်းတာဟာလည်း ဘုံအ ကျိုးတူ စီးပွားတိုးတက်ဖို့ပဲ။ မတူညီကွဲပြားတဲ့ လူမျိုးတွေနဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေ ရှိတဲ့ ပြည်နယ်တွေဟာ အကျိုးပိုမိုဖြစ်ထွန်းဖို့၊ တစ်နည်းဆိုရရင် မဖွံ့ဖြိုးသေးတဲ့ ပြည်နယ်၊ လူမျိုး တွေကို လက်တွဲခေါ် တန်းညှိဖို့၊ လူနည်းစုရဲ့ အကျိုး ကိုဖော်ဆောင်ဖို့ ဆိုပြီး နိုင်ငံရေးသိပ္ပံ ပညာရှင်တွေက ပြည်ထောင်စုစနစ် ဆိုတာကို ဖော်လာကြတာပဲ”

“ဒါဆိုခုလက်ရှိ နအဖက ကျနော်တို့ ဖွံ့ဖြိုးမှုကိုရော အခြားတိုင်းရင်းသားလူမျိုးတွေ အရေးကိုပါ ဖော်ဆောင်နေတော့ လက်ရှိ ကျနော် တို့ နိုင်ငံကို ပြည်ထောင်စုနိုင်ငံလို့ ခေါ်တာမှန်တာ ပေါ့နော်”
ဗိုလ်မှူးက ခေါင်းကိုတွင်တွင် ခါရမ်းရင်း
“တို့လူကြီးတွေရဲ့ လိုအပ်ချက်ပဲကွာ၊ လူငယ်တွေကို ဒီလိုပညာတွေမပေးနိုင်တာကို ၀မ်း အနည်းဆုံးပဲ။ ဒါ ထားပါတော့။ အိုက်ထူး - ပြည်ထောင်စုစနစ်ဆိုတာ အကြမ်းအားဖြင့် အစိုးရ နှစ်ဆင့် ကျင့်သုံးတဲ့စနစ်ပဲ။ ပြည်နယ်တွေက လာတဲ့ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရဲ့အကျိုးကို ဖော်ဆောင် မယ့် ပြည်ထောင်စုအစိုးရရယ် သက်ဆိုင်ရာပြည်နယ် တွေက ပြည်နယ်ရဲ့အကျိုးကို ဖော်ဆောင်နိုင်ဖို့ ပြည်နယ်အစိုးရဆိုတာရှိရမယ်။ ပြီးတော့ အာဏာ တွေကို ကဏ္ဍအလိုက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ ခွဲဝေကျင့်သုံးရတာကွ။
ပြည်ထောင်စုအစိုးရက သူကျင့်သုံးရ မယ့်အာဏာတွေကို အပြည့်အ၀ကျင့်သုံးပြီး ခွဲဝေ ထားတဲ့ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို မထိပါးရဘူး။ ၀င်မစွက်ရဘူး။ ပြည်နယ်အစိုးရက သူ့အာဏာကို အပြည့်အ၀ကျင့်သုံးပိုင်ခွင့် ရှိတာပေါ့ ”
ကျနော်အနည်းငယ် နားရှုပ်သွားသည်။
“ဒါဆို ကျနော်တို့ ပလောင်အနေနဲ့ အခု နအဖ အစိုးရခွင့်ပြုချက်အရ ကျနော်တို့ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတယ်။ ဒါကိုရော အာဏာခွဲဝေတယ်လို့ ဆိုလို့မရဘူးလား”
“အဲသည်လိုထင်ချင်စရာပါပဲ။ ဥပမာ ကွက်ကွက်ကွင်းကွင်းပေးမယ်ကွာ ရှမ်းပြည်မြောက် ပိုင်းက နမ့်ဆန်လို့ အများသိကြတဲ့ ပလောင်မြို့မှာ ပလောင်တော်လှန်ရေးနေ့ အခမ်းအနားလုပ်ဖို့ နအဖ ရဲ့ခွင့်ပြုချက်ယူရတယ်။ ‘ဒီမြို့ကြီးမှာ မလုပ်ပါနဲ့ မန်တုန်မြို့လေးမှာပဲ ကျင်းပပါ’လို့ ဆိုတယ်မဟုတ်လား။ ကဲ ဒါဆိုငါတို့မှာ ငါတို့ ကျင့်သုံးရမယ့် အာဏာ ဘာရှိသေးလို့လဲကွာ။ စဉ်းစားကြည့်စမ်း အိုက်ထူး”

ဗိုလ်မှူးကကျနော့်ကိုကြည့်ပြီး ပြုံးနေ သည်။
“အိုက်ထူး နမ္မတူအနားက ဘော်တွင်း သတ္တုတွင်းရောက်ဖူးတယ်နော်။ အဲဒါငါတို့ ပလောင် စော်ဘွားခေတ်အဆက်ဆက်က တူးဖော်ပြီး ငါတို့ တောင်ပိုင်နယ်ကို တိုးတက်လာအောင် ဖော်ဆောင် ခဲ့တာပါပဲ။ ဦးနေ၀င်းအစိုးရ တက်လာပြီး နောက်ပိုင်း မှာငါတို့နဲ့ဘော်တွင်းသတ္တုက ဘာမှမဆိုင်တော့ အောင် သီးခြားစီဖြစ်သွားတယ်။ ဒီလက်ရှိ အစိုးရ အထိဆိုပါတော၊့ ဒီကြီးမားတဲ့ သတ္တုတွင်းက ရလာတဲ့ အကျိုး အမြတ်တွေကို ငါတို့ပလောင်တွေ ဘာခံစား ရလဲ။ ဒီသတ္တုတွင်းကိစ္စ ထားလိုက်ပါဦး။ တို့ချွေးနဲ့ရင်း ပြီးစိုကပျိုးထုတ်လုပ်တဲ့ လက်ဖက်ခြောက်၊ အချိုခြောက်တွေပေါ်မှာပဲ အခွန်ကင်းလွတ်ခွင့်ရှိလား။ အချိုခြောက်စက်ရုံကိုလည်း စစ်တပ်ပိုင်အဖြစ်သိမ်းပြီး လက်ဖက်ဈေးကွက်ကို ထိန်းချင်သလိုထိန်းချုပ် ချယ်လှယ်နေတာပဲ။ ငါတို့ရလာတဲ့အမြတ်က အဆမတန်အောင် အခွန်ဆောင်ရတာနဲ့ ကာမိရဲ့လား။ ငါတို့ကို ကိုယ်ပိုင်အုပ် ချုပ်ခွင့် ပေးတယ်ဆိုရင် ဒီလို အခွန်တွေ အဆမတန် ကောက်ခံခွင့် သူတို့ကျင့်သုံးနိုင်မလား”

“နအဖ ဗိုလ်ချုပ်တွေက ဖက်ဒရယ်ဆိုတဲ့ အသံကြားရင် တီကောင်ကိုဆားထိသလို တွန့်နေ အောင်ကြောက်တာဟာ အာဏာတွေကို အပြည့် အ၀ကျင့်သုံးချင်လို့၊ နိုင်ငံတော်ကထွက်တဲ့ သဘာဝ သယံဇာတတွေကို သူတို့ထင်တိုင်း ချယ်လှယ်သွေး စုပ်ချင်တဲ့ အာဏာရူးဆန္ဒကြောင့်လို့ ဆိုရမှာပေါ့ နော်”
ကျနော်က ရှင်းပြချက်များကို သဘော ပေါက်လာ၍ အတွန့်တက်ကြည့်နေသည်။ ဗိုလ်မှူးက တပြုံးပြုံးနှင့် -
“ငါ့လူအခုမှ ကွက်ကွက်ကွင်းကွင်း အမြင် မှန်ကိုသိလာပြီ။ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာ နအဖအုပ်စုပြောသလို ခွဲထွက်ဖို့ တိုင်းပြည်ဖြိုခွဲဖို့ မဟုတ်ဘူးကွ။ Unity in Diversity တဲ့။ မတူ ညီကွဲပြားနေတဲ့ အရာတွေကို စုစုစည်းစည်း ညီညွတ် အောင် လုပ်တာဟာ ဖက်ဒရယ်ရဲ့ အနှစ်သာရပဲ။ ဘာတွေမတူညီတာလဲဆိုတော့ လူမျိုး၊ ဘာသာ၊ ပထ၀ီအနေအထား စတဲ့မတူညီချက်တွေပေါ့ကွာ။ ဒါတွေကိုစုစည်းပြီး အားလုံးညီညီညွတ်ညွတ်နဲ့ ဘုံအကျိုး စ်ီပွားကို ဖော်ဆောင်ကြရတာကွ”
“မတူညီတာတွေကိုစုစည်းပြီး ညီညွတ် အောင်လုပ်ရမယ် ဆိုတော့အချိန် ကြာကြာနဲ့ ခဲရာခဲဆစ် တည်ဆောက်ရမှာပေါ့ နော်”

“အေးပေါ့ - အိုက်ထူးရာ၊ ဘယ်ဟာမှ လွယ်လွယ်နဲ့ ဖြစ်လာတာမရှိဘူးကွ။ ဒီ ဖက်ဒရယ် စနစ်ကျင့်သုံးဖို့ဆိုတာ လူ့အခွင်အရေးကို အပြည့် အ၀အာမခံပြီး ဒီမိုကရေစီရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရှိဖို့လိုမယ်။
Tribalization Versus Globalization တဲ့။ ကိုယ့်အမျိုးသားတစ်ခုကိုပဲ ဆန္ဒ စွဲထားပြီး ကျင့်သုံးတာတွေဟာ သိပ်ကို ခေတ်နောက် ပြန်ဆွဲနေပြီ။ ကမ္ဘာ့ရေစီးကြောင်းနဲ့အညီ နေထိုင် ကျင့်ကြံမှ ခေတ်မီတိုးတက်မယ်လေ။ ဒါကြောင့် ကိုယ့်အမျိုးသားလက္ခဏာလည်း မပျောက်အောင်၊ ဘုံအကျိုးစီးပွားလည်း ပိုမိုဖြစ်ထွန်းအောင် တိကျတဲ့ အာဏာခွဲဝေမူတွေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ခိုင်ခိုင်မာမာ ရေးဆွဲထားရမယ်။ အဲသည်လို ရေးဆွဲထားရုံနဲ့လည်း မလုံလောက်သေးဘူး အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြင့်ဆုံးဥပဒေဖြစ်အောင် လုပ်ရမယ်။ အာဏာတွေကို ကျင့်သုံးရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းဖြစ်ရမယ်။ ပြီးတော့ တို့တည်ဆောက်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကျင့်သုံးရာမှာ ဗမာအပါအ၀င်တိုင်းရင်းသား အား လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် အမှန်တကယ် နားလည်ကြပြီး Honesty ဆိုတဲ့ရိုးသားမှုရှိဖို့ သိပ်အရေးကြီးတယ်။ ကဲ - တနေကုန် ကားစီး ရလို့ညောင်းနေပြီ၊ ညသန်းခေါင်လည်း ကျော်နေပြီ။ အိပ်ကြရအောင်။ နောက်မှပဲ ဖက်ဒရယ်အကြောင်း ကို ဒီထက်ပြည့်စုံအောင် ဆွေးနွေးကြတာပေါ့”

ကျနော်တို့၏စကားဝိုင်းမှာ ဤသို့ပင် အဆုံးသတ်ခဲ့သော်လည်း ကျနော့်အတွေးထဲတွင် ခေတ်မီသော ဖက်ဒရယ်ပြည်ထောင်စုစနစ် အကြောင်းကသာ လွှမ်းမိုးလျက်။ ။

ပလောင်လူငယ်ဂျာနယ်
အတွဲ(၁) အမှတ် (၁)
မေလ ၂၀၀၂

No comments: