Wednesday, May 4, 2011

လွယ်အူန်တောင်အတက်က ကျမရဲ့အတွေးများ



ဝီဒွည်ဖူမ်ငါမ်

ကျမ နဖူးပေါ်ကချွေးစက်တွေ ပါးပြင်ပေါ်ကနေ လိမ့်ဆင်းလာလိုက်တာ ကျမ နှုတ်ခမ်းထောင့်အရောက်မှာတော့ ငံကျိကျိအရသာ ကို ကျမခံစားလိုက်ရတယ်။ ဗိုက်ထဲကလည်း အင်အားဖြည့်ဖို့အစာတောင်းနေပြီလေ။ ပြီးခဲ့တဲ့ အပတ်တုန်းက မိုးသည်းအောင်ရွာချလိုက်တာ ရွှေလီမြစ်ကြီးလျှံသွားသလောက် ဒီကနေ့ နေ့လည် ကြတော့လည်း နေပူ နေလိုက်တာ။ ကျမ ကျောမှာပိုးလာတဲ့ အထုပ်ကိုဘေးမှာချပြီး မြက်ခင်းစိုစိုမှာ အနားယူလိုက်မိတယ်။ သူငယ်ချင်းတွေတော့ လွယ်အူန် ချောင်းအစပ်ကိုရောက်လုရောပေါ့။

ဟိုး ငယ်ငယ်တုန်းကတည်းက မေမေတို့နဲ့အတူ ဒီတောင်တွေကို ဒီလိုအထုပ်အပိုးတွေနဲ့ အမြဲပိုးပြီးတက်လာ နေကြပါ။ ဒီဘက်နှစ်ပိုင်းရောက်လာမှ တောင်တက်ရတာ ဘာလို့ပိုမောသလိုခံစားနေရတာပါလိမ့်။ ဒီကနေ့ ကျမ ပိုမောသလိုဖြစ်နေတယ်။ ကျမတို့ဘ၀ကလည်း ဒီလိုအထုပ်အပိုးတွေကိုမှ မသယ်ရင်လည်း အိမ်မှာစားစရာရှိမှာ မဟုတ်တော့ အနည်းဆုံးနှစ်ပတ်တခါလောက်တော့ မြို့ထဲ တောင်အထပ်ထပ်တက်ဆင်းလုပ်ပြီး ဈေးလာ ၀ယ်ရတာမဟုတ်လား။

ကျမ မောမောနဲ့ ၀ယ်လာတဲ့မုန့်ကိုစားရင်း ကျမဘာဖြစ်လို့ အခုလိုမောနေရတာလည်းဆိုတာကို အတွေးနယ်ချဲ့နေမိတယ်။ ကျမ ပထမဆုံးမြင်တာကတော့ နေမင်းကြီးပါ။ ဒီနေ့မှ ခြစ်ခြစ်တောက်အောင် ပူပြင်းနေတဲ့ နေကြောင့် ကျမမောရတာပါ။ သေချာပါတယ် နေမင်းကြီးဟာ တရားခံပဲ။ သူ့ကို ဒီလိုခြစ်ခြစ်တောက်မပူအောင် ကျမဘယ်လို လုပ်ရမလဲ။ ကျမဘာလုပ်ရမလဲ။ ကျမ ဘာလုပ်နိုင်ပါ့မလဲနော်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်တုန်းက မိုးတွေ တအားသည်းလိုက်ကြတာတော့ကော။ ကျမတို့တောင် လယ်တောထဲ သွားပြီးအလုပ်မဆင်းနိုင်ဘူး၊ မနေ့တုန်းက ဖေဖေ လယ်တောသွားတော့ လယ်ကန်သင်းရိုးတွေကျိုးလို့ နှစ်ပတ်လောက်တောင် လူငှားခေါ်ပြီး ပြန်ဖို့ရမယ်ပြောတယ်။ အဲဒီ မိုးကြီးကိုကော ဘယ်လိုလုပ်ရမလဲ။

မိုး အရမ်းရွာတယ်။ ပြီးတော့ နေ အရမ်းပူတယ်။ တခုခုတော့ လွဲမှားနေပြီလို့ ကျမ ထင်မိတယ်။ ကျမသိပြီ။ ဖေဖေတို့ ဦးလေးအိုက်ဆာတို့လို လူကြီးတွေပြောပြောနေတဲ့ ရာသီဥတု ဖောက်ပြန်တာ ဆိုတာပဲဖြစ်ရမယ်။ ဒါဆိုရင် ကျမတို့ရာသီဥတုတွေ ဘာဖြစ်လို့ အခုလိုဖောက်ပြန်နေတာလဲဆိုတာ ကျမ ဆက်စဉ်းစားမိတယ်။ မန္တလေးမှာ ဘုန်းကြီးသွားဝတ်ပြီး ဟိုတလောတုန်းကမှ အလည်ပြန်လာတဲ့ ဦးဇင်းပြောတာတော့ သူတို့နေတဲ့မြို့မှာ စက်ရုံတွေလည်းများ၊ မီးခိုးထွက်ယာဉ်တွေ စက်တွေအသုံးများလို့ လေထု ညစ်ညမ်းမှု တွေဖြစ်တယ်။ ကြာလာတော့ အပူချိန်အရင်ကထက်မြင့်တက်မှုတွေ ဖြစ်ပြီး ရာသီဥတုဖောက်ပြန်တယ်လို့ ပြောတာပဲ။

ကျမတို့နေရာက စက်ရုံလည်းမရှိ၊ မီးခိုးထွက် စက်ပစ္စည်းဆိုလို့ ကျမတို့ရွာက ဗွီဒီယိုရုံ မီးစက်နဲ့ သူကြီးသား စီးတဲ့ မော်တော်ဆိုင်ကယ် အဆုတ်ပဲရှိတာ။ ဒီ မီးခိုးကြောင့်တော့ ကျမတို့ရဲ့ ရာသီဥတုကြီးဖောက်ပြန်တာ မဟုတ်ဘူး ဆိုတာ ကျမ ရဲရဲကြီးတွေးမိလိုက်တယ်။ ဒါဆိုရင် ဘာက ရာသီဥတုကိုဖောက်ပြန်အောင်လုပ်တာလဲ။ ဘယ်သူတွေက ရာသီဥတုကိုဖောက်ပြန်အောင်လုပ်တာလဲ။ ဖေဖေကတော့ လူတွေဟာ ရာသီဥတုဖောက်ပြန်အောင် လုပ်တဲ့ တရားခံအစစ်ပဲလို့ပြောဖူးတယ်။ ဟုတ်လောက်မယ်ထင်ပါရဲ့။

ဟုတ်မယ်ထင်ပါရဲ့ လို့ ထောက်ခံတာတော့ဟုတ်ပါပြီ၊ ကျမတို့တတွေ၊ လူတွေ ကျမတို့ရဲ့ရာသီဥတုကို ဘယ်လို ဖျက်ဆီးနေကြသလဲ။ ဦးဇင်းပြောသွားတာကတော့ ကျမတို့ပလောင်တွေ ထင်းအရမ်းသုံးတယ်။ ထမင်းဟင်းချက် လည်းထင်း၊ လက်ဖက်လုပ်ငန်းမှာလည်း ထင်းပါပဲ၊ ဘာလုပ်ငန်းပဲလုပ်လုပ် မီးရဖို့၊ လောင်စာရဖို့ဆိုရင် ထင်းကိုပဲ အားကိုးကြတယ်တဲ့။ သစ်တောပြုန်းတီးမှုတွေဖြစ်တယ်လို့ ပြောတယ်။ ဟုတ်လောက်တယ်။ သစ်တောတွေ ပြုန်းတီး ကုန်ရင် ရာသီဥတုဖောက်ပြန်လာမယ်ဆိုတာ ကျမကြားဖူးတယ်။

ကျမတို့ အိမ်ဆိုရင် ဆောင်းဦးပေါက်တာနဲ့ ထင်းထားတဲ့တဲမှာ ထင်းတွေအပြည့်ရအောင်ခုတ်ရတာလေ။ ကျမနဲ့ အကိုကြီးဆို မနက်အိပ်ယာအစောကြီးထပြီး တောထဲကထင်းတွေကို မြင်းတွေကိုနွားတွေနဲ့သယ်လိုက်ရတာ မမောနိုင်မပန်းနိုင်အောင်ပါပဲ။ ဒါပေမဲ့ ကျမတို့ခုတ်လိုက်တဲ့သစ်ပင်တိုင်းဟာ နောက်သုံးလေးနှစ်လောက်ဆိုရင် အပင်ကြီးတွေ ပြန်ဖြစ်လာတော့ သစ်တောပြုန်းတီးမှုတော့ မဖြစ်ဘူးထင်ပါရဲ့။ ကျမတို့ ဘိုးဘွားစဉ်ဆက် ထင်းခုတ်သုံးလာတာ နှစ်ပေါင်းရာကျော်ပြီမဟုတ်လား။ ကျမတို့ ပလောင်တွေအိမ်မှာ ထင်းတနှစ်စာအတွက် အဆင်သင့်ပြင်ဆင်မထားဘူးဆိုရင် အရမ်းဒုက္ခရောက်တာပါပဲလေ။ ဒါပေမဲ့ ကျမတို့ထင်းခုတ်တာ အရင်ကလို ရွာနဲ့နီးနီးလေးမှာ ခုတ်ဖို့မရှိတော့လို့ ဝေးတဲ့နေရာမှာပဲခုတ်နေရတော့ သစ်တောပြုန်းတီးမှုဖြစ်နေပြီလားဆိုတာ ကျမ အတိအကျ မသိပါဘူး။

ကျမ မျက်စိရှေ့မှာရှိတဲ့တောင်ကြောကြီးတွေကို ကြည့်လိုက်မိတယ်။ အခုမှ သစ်တောပြုန်းတီးအောင် ရာသီဥတု ဖောက်ပြန်အောင် လုပ်တဲ့တရားခံကိုတွေ့မိတယ်။ ဘိန်းခင်းတွေ။ ဟုတ်ပါတယ် ကျမတို့ ပလောင်စစ်သားနဲ့ စစ်အစိုးရ အပစ်အခတ်ရပ်ပြီး နောက်ပိုင်း စစ်အစိုးရတွေ ကျမတို့နယ်ကိုအုပ်စိုးတော့ ဟိုဘက်ကမ်းက တရုတ်တွေ ငွေရှိသူတွေ ဘိန်းလာစိုက်တာ ကျမတို့ တောင်ပေါ်မှာရှိတဲ့ တောအုပ်တွေ၊ တောရိုင်းတွေ အကုန်ပြုန်း ကုန်ပြီလေ။ သူတို့ကြောင့် ကျမတို့တောတွေ ပျက်ကုန်ပြီပေါ့။ သူတို့ဘိန်းခင်းလုပ်တာ သစ်ပင်အားလုံးပြောင်အောင်ရှင်းရတာ မဟုတ်လား။



နေပါအုံး။ သစ်ပင်တွေအားလုံးခုတ်ပြီး စိုက်ခင်းလုပ်တယ်ဆိုတော့ ကျမတို့ ရိုးရာ ရွှေ့ပြောင်းတောင်ယာ လုပ်တာ ကြတော့ကော သစ်တောတွေပြုန်းတီးအောင်လုပ်နေတာမဟုတ်လား။ တောင်ယာလုပ်တာလည်း သစ်တောတွေ အရမ်းခုတ်ရတာပဲ။ ဒါပေမဲ့လည်းလေ ကျမတို့ဝမ်းစာအတွက် တောင်ယာလုပ်စားလာတာလည်း ရာစုနှစ်နဲ့ချီရှိ နေပြီပဲ။ တောင်ယာလုပ်ပြီး နောက် ခုနစ်နှစ် ရှစ်နှစ်ကြာရင် တောတွေပြန်ကောင်းလာပြီး တောင်ယာတောင် ထပ်တခါ ပြန်လုပ်လို့ရပြီပဲ။ သစ်တောကို ပြုန်းတီးတာတော့မဟုတ်ဘူးထင်ပါရဲ့၊ သစ်တောကို ၀မ်းစာအတွက် သုံးတာပါ။ သေချာပြန်တွက်ကြည့်တော့ တောတွေကိုခုတ်ရတာဆိုတော့ တောပြုန်းမှာပါပဲလေ။

ဒါပေမဲ့တောင်ယာလုပ်တာနဲ့ ဘိန်းခင်းလုပ်တာနဲ့တော့ ကွာမယ်ထင်တယ်။ ဘာဖြစ်လည်းဆိုတော့ ဘိန်းခင်းက တနေရာတည်းမှာ အကြာကြီးလည်းလုပ်လို့ရတယ်။ ဘိန်းစိုက်ဖို့တောခုတ်ပြီဆိုရင်လည်း သစ်ပင်ပေါက်လေး တွေပါမချန်ဘူး၊ တောခုတ်ပြီး မြေကို တတောင်လောက်တောင် ပေါက်ပြားနဲ့ ပေါက်ပြီး မြေကို ဆွရတာမဟုတ်လား။ အဲသည်လောက်ထိ တောခုတ်မြေပေါက်တော့ ရှိတဲ့သစ်ပင်ကော ပေါက်လာမဲ့ သစ်ပင်တွေပါ အားလုံးပြုန်း ကုန်ရောပေါ့။ အခုမှ ကျမတို့ငွေရဖို့ ၀မ်းစာဖြေရှင်းဖို့အတွက် ဘိန်းခင်းစိုက်ဖို့ တောခုတ်၊ မြေပေါက်ခဲ့တာ အရမ်းမှား နေပြီဆိုတာ သတိထားမိတယ်။ အဲသည်တုန်းကလည်း ကျမတို့ငွေတွေ အရင်ကထက် မရစဖူးအရထူးခဲ့ကြတာ မဟုတ်လား။ ခုမှ အရင်းစစ်တော့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်သဘာ၀၀န်းကျင်ကိုဖျက်ပြီး ရာသီဥတုကို ဖောက်ပြန် အောင်လုပ်နေတဲ့အထဲမှာ ပါနေ ပါလား။

ဒါပေမဲ့ စစ်အစိုးရက သစ်တောတွေ ထိန်းသိမ်းဖို့ ဘိန်းအစားအခြားသီးနှံပင်တွေစိုက်ဖို့ ရွာကလူကြီးတွေကို ပြီးခဲ့တဲ့ ၉၆၊ ၉၇ လောက်တုန်းက ခေါ်ပြောတယ်လို့သိရတယ်။ ရွာလူကြီးတွေနဲ့ ပီအက်စ်အယ်အေ လူကြီးတွေ အလုပ်ရှုပ်နေတာ မှတ်မိပါတယ်။ ရာဘာစိုက်ခင်းတွေ၊ ရှောက်၊ သံပရာ စိုက်ခင်းတွေလုပ်ခဲ့ကြတာလေ။ အဲဒါလည်း သစ်ပင်စိုက်တာပဲဆိုတော့ သဘာဝသစ်တောကိုထိန်းတာပဲပေါ့။ ကျမတို့ သစ်ပင်ကြီးတွေ၊ အရိပ်ရသစ်ပင်တွေ များများစိုက်ဖို့လိုတယ်မဟုတ်လား။

ရွာလူကြီးတွေနဲ့ ငွေရှိတဲ့လူကြီးတွေ ရာဘာစိုက်ခင်းလုပ်တာတော့ကောင်းပါတယ်။ ဒါပေမဲ့ ခုထိ ရာဘာပင်က ကျမတို့ တရပ်တောင်မကျော်သေးတော့ ကျမတို့ရဲ့ သဘာဝသစ်တောကို ဘယ်လိုကာကွယ်နိုင်ပါ့မလဲလို့ ကျမ ထပ်အတွေးချဲ့မိတယ်။ ဟုတ်တယ်။ သူတို့ ဘိန်းအစားထိုးသီးနှံပင်တွေလုပ်တာ တောပြုန်းပြီးတဲ့ ဘိန်းခင်း နေရာတွေ ကို အစားထိုးလုပ်တာထက် ကျမတို့ရှိရင်းစွဲ ရွာသားပိုင်တောတွေသိမ်းပြီး လုပ်နေကြတာ သဘာဝမကျဘူးလို့ ခုမှ ကျမတွေးမိတယ်။ ခြောက်နှစ်ကျော်ကာလ မှာ သူတို့စိုက်လိုက်တဲ့ သစ်ပင်တွေ စိုက်ခင်းတွေဟာ အရင်တုန်းက သူတို့ခုတ်လိုက်တဲ့တောတွေက သစ်ပင်တွေလောက်ကို မစိမ်းလန်းသေးဘူး၊ မဖွံ့ဖြိုးသေးဘူးလေ။ ကျမတို့နယ်က ရာဘာစိုက်လို့မရဘူးနဲ့တူပါရဲ့။ လူကြီးတွေ ကျမတို့ပိုင်တဲ့တောတွေကို သိမ်းပြီး သစ်ပင်တွေအားလုံးခုတ်လိုက်တာကို တွေးပြီး ကျမနှမြောမိတယ်။

ကျမ ဂယောင်ချောက်ချား အတွေးတွေ နေပူထဲထိုင်ပြီး အတွေးနယ်ချဲ့ရင်း ကုန်သွားတဲ့ ကျမတို့ သစ်ပင်တွေ နေရာမှာ နေရောင်အောက်ကနေ ယဲ့ယဲ့လေး ထိုးထွက်အသက်ရှင်ဖို့ ကြိုးပမ်းနေတဲ့ ရာဘာပင်တွေကို ကြည့်မိလို့လား၊ ဒါမှမဟုတ် ဟိုခပ်ဝေးဝေးမှာမြင်နေရတဲ့ တောင်ကတုံးဖြစ်နေတဲ့ ဘိန်းစိုက်ခင်းတွေကို တွေ့နေရလို့လား မသိတော့ပါဘူး ကျမ ပိုမောလာသလိုပါပဲ။ ကျမ အတွေးတွေ ဘယ်လောက်ပျံ့ နေမိသလဲတော့မသိဘူး၊ ကျမ သူငယ်ချင်းတွေ အားလုံးတောင် လွယ်အူန်တောင်ကို တက်နေတာ တောင်ထက်ဝက်ကျော်နေလောက်ပြီ။ ကျမလည်း သူတို့ကိုအမှီ တက်လိုက်ပါအုံးမယ်။

No comments: