Sunday, July 24, 2016

လက်နက်စွန့်ငြိမ်းချမ်းရေး



လက်နက်စွန့်ငြိမ်းချမ်းရေး



မြန်မာစစ်ခေါင်းဆောင်များရဲ့ လက်နက်စွန့်ရေးမူဝါဒ
            မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်စစ်ခေါင်းဆောင် အဆက်ဆက်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအပေါ်မှာ ပြဿနာဖြေရှင်းဖို့အဓိကအခြေခံထားကြတာကတော့ လက်နက်စွန့်ရေး၊ လက်နက်ချရေးပါပဲ။
            ဥပဒေဘောင်ထဲဝင်တယ်၊ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်တယ်၊ လက်နက်ကိုင်လမ်းစဉ်စွန့်တယ် အစရှိသဖြင့် အပေါ်စီးကနေရရင် ရသလို တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးကို ကိုင်တွယ်ဖို့လုပ်ဆောင်ခဲ့ကြတယ်။ လုပ်ဆောင် နေကြတယ်။ လုပ်ဆောင်ဖို့ ကြိုးပမ်းနေကြပါတယ်။
            ပါလီမန်ဒီမိုကရေစီ ဦးနု လက်ထက်မှာ ဒီမိုကရေစီနဲ့လက်နက်လဲလှယ်သွားခဲ့ကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်း တွေရှိခဲ့တယ်။ ဦးနေဝင်း လက်ထက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ ဥပဒေဘောင်ထဲဝင်ခဲ့ကြ တယ်။ စစ်အာဏာရှင် ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေ လက်ထက်မှာတော့ အပစ်အခတ်ရပ်စဲရေးကနေတဆင့် တချို့အဖွဲ့ တွေ လက်နက်နဲ့ငြိမ်းရေးလဲလှယ်ခဲ့ကြရတယ်။ နောက်ပိုင်းမှာ အချို့အဖွဲ့တွေလက်နက်ဖြုတ်သိမ်းခံခဲ့ကြရတယ်။
            မြန်မာ့အင်ပါယာထူထောင်ရေး တစိုက်မတ်မတ်လုပ်နေတဲ့ မြန်မာခေါင်းဆောင်အများစုကတော့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတိုင်းကို အမြစ်ပြတ်ချေမှုန်းရေးလုပ်ဖို့ ဦးတည်ချက်ရှင်းရှင်းလင်းလင်းထားကြ ပါတယ်။ အဲဒီလို အမြစ်ပြတ်ချေမှုန်းရေးလုပ်ဖို့အတွက် မြန်မာ့တပ်မတော်ရဲ့ စစ်အင်အားအလုံးအရင်းစတေးခံပြီး ထိုးစစ် အမျိုးမျိုးလုပ်ခဲ့ပါတယ်။ ဥပဒေအရလည်း အမျိုးမျိုးဖိနှိပ်ကန့်သတ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဟာ တိုင်းရင်းသားတွေအချင်းချင်းအကြား စည်းလုံးညီညွတ်မှု ပျက်ပြားဝေဝါးစေမဲ့ သပ်လျှိုဖြိုခွဲရေး နည်းလမ်းပေါင်းစုံ လုပ်ပါတယ်။ အဖွဲ့အစည်းအစိပ်စိပ်အမွှာမွှာကွဲအောင် မြှောက်ထိုးပင့်ကော်ပြီး ပုံစံတူ အဖွဲ့အစည်းမျိုးမျိုးဖွဲ့ပေးတယ်။ ပြည်သူ့စစ်အဖွဲ့ဖွဲ့ခိုင်းပြီး လက်ကိုင်တုတ်လုပ်တယ်။ စီးပွားရေးအရဖျက်ဆီးဖို့ ပြည်သူ့စစ်အဖွဲ့၊ ကာကွယ်ရေးအဖွဲ့ အမျိုးမျိုးဖွဲ့ပြီး တနပ်စာလုပ်ပိုင်ခွင့် အခွင့်အရေးအမျိုးမျိုးပေးခဲ့တယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အတော်များများ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ လက်နက်စွန့်ရေးမာယာကျော့ကွင်းမှာ ပုံစံအမျိုးမျိုးနဲ့မှားဝင်ပြီး အင်အားချိနဲ့ခဲ့ကြတယ်။ ပျက်စီးခဲ့ ကြပါတယ်။
ဒါကြောင့် မြန်မာစစ်ခေါင်းဆောင်တွေဟာ ဒီနည်းလမ်းကိုအရမ်းသဘောတွေ့ပြီး တိုင်းပြည်တခုမှာ တပ်မတော် တခုပဲရှိရမယ်ကြွေးကြော်ပြီး ဘာနိုင်ငံရေးဖြေရှင်းမှုမှ မလုပ်ပဲ တိုင်းရင်းသားအဖွဲ့တွေကို နည်းအမျိုးမျိုးနဲ့ လက်နက်စွန့်ဖို့ ပဲ ဖိအားပေးခဲ့ကြတာပါ။

၂၁ ရာစုပင်လုံညီလာခံကို စိန်ခေါ်မဲ့နည်းလမ်းတသွယ်
            အခု ၂၀၁၆ ခုနှစ် မြန်မာအစိုးရသစ်ဖြစ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ဦးဆောင်အစိုးရဟာ ပြည်သူ လူထုရဲ့ထောက်ခံမှုအားကို ရယူပြီး နိုင်ငံရေးပြဿနာကို အတတ်နိုင်ဆုံးအမြန်ဖြေရှင်းဖို့ ၂၁ ရာစုပင်လုံညီလာခံ / ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကြိုးပမ်းနေပါတယ်။
            ရှည်ကြာစွာတောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်ပြီး နိုင်ငံရေး နည်းလမ်းနဲ့အကောင်းဆုံး ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြရမှာမဟုတ်ပါလား။ မြန်မာပြည်တွင်းမှာရှိတဲ့ State Holders အဓိကသက်ဆိုင်သူအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဘုံသဘောတူညီချက် ရရှိအောင်လုပ်ဆောင် ရပါမယ်။
အဲဒီနိုင်ငံရေးဘုံသဘောတူညီချက် Nation Accord/ Union Accord တွေအရ ပြည်ထောင်စုနိုင်ငံကို စုဖွဲ့ ထူထောင်ဖို့လိုပါမယ်။ နိုင်ငံတော်လုံခြုံရေးအခန်းကဏ္ဍကို ချမှတ်ကြရပါမယ်။ ရာစုနှစ်နီးပါးကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့ တာတွေကို သင်ပုန်းချေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ လုပ်ကြရပါမယ်။
ဒါမှသာ တိုင်းရင်းသားမိဘပြည်သူအားလုံး အေးချမ်းပျော်မွေ့စေမဲ့ ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော် တကယ် တည်ဆောက်နိုင်ကြမယ်။
သို့သော် ဒီလိုမဖြစ်ချင် မမြင်ချင်တဲ့ အုပ်စုကတော့ မိုးကျရွှေကိုယ် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များ အုပ်စု ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် စစ်အုပ်စု ဆွေးမျိုးချင်းကောင်းစားရေး စီမံချက်တွေအတော်များများ ပျက်စီးမယ်။ တိုင်းပြည် အဆီအနှစ်သယံဇာတတွေ စိတ်တိုင်းကျအလွှဲသုံးစားသုံးဖြုန်းခဲ့တာတွေ လက်လွတ်အဆုံးရှုံးမခံချင်ကြဘူး။
ဒီတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ရပ်တန့်အောင်၊ ကြန့်ကြာအောင် နည်းလမ်းအမျိုးမျိုးနဲ့ ဟန့်တား နှောင့်ယှက်မယ်။ ဒုက္ခအမျိုးမျိုးပေးမယ်။ ဖျက်လိုဖျက်ဆီးလုပ်မယ်။ မြန်မာစစ်ခေါင်းဆောင်ရဲ့ ယုတ်မာတဲ့ဗီဇလုပ်ရပ်ပါပဲ။
၂၁ ရာစုပင်လုံညီလာခံမှာ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းအားလုံးပါဝင်ရမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားဝင်ပြောထားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ဆိုတာ တကယ့် State Holders အဓိကသက်ဆိုင်သူအဖွဲ့အစည်းအားလုံး ပါဝင်ဖြေရှင်းမှ နီးစပ်တဲ့အဖြေရမှာပါ။
ဒါကို သိတဲ့ မြန်မာ့တပ်မတော်က သူတို့လိုရာကိုကောင်းကောင်းအသုံးချပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါချင်ရင် လက်နက်စွန့်ရမယ်။ လက်နက်စွန့်ဖို့ကြိုတင်ကတိကဝတ်ပေးရမယ် စသဖြင့် အမျိုးမျိုးပြောပြီး အချို့တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဒီနိုင်ငံရေးတွေ့ဆုံပွဲမှာ မပါဝင်နိုင်ဖို့ လုပ်ပါတယ်။ ဖိအားပေးပါတယ်။
အဲဒီတိုင်းရင်းသားတွေကလက်မခံရင် ၂၁ ရာစုပင်လုံညီလာခံဟာ အနှစ်သာရအရ လျော့ကျသွားမယ်။ နိုင်ငံရေး ပြဿနာကိုအပြီးသတ် မဖြေရှင်းနိုင်တော့ဘူး။ တိုက်ပွဲတွေဆက်ဖြစ်မယ်။ တိုက်ရှိတော့ ပွဲမြန်မာ့တပ်မတော်ရဲ့အခန်းကဏ္ဍ က ဦးဆောင်မှုနေရာအမြဲရှိနေမယ်။
ဒါဟာ တပ်ချုပ်ကြီး မင်းအောင်လှိုင် ရဲ့ ၂၁ ရာစုပင်လုံညီလာခံကို စိန်ခေါ်နေတဲ့အနိမ့်ဆုံးနည်းလမ်းတခုပါပဲ။
ဒီထက်ပိုရှုပ်ထွေးစေပြီး ၂၁ ရာစုပင်လုံညီလာခံ မဖြစ်လာစေဖို့ကတော့ ပိုပြင်းတဲ့ပြည်တွင်းစစ်တိုက်ပွဲတွေ ဖော်ဆောင်မယ်။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေဖန်တီးမယ်။ ပြီးတော့ မြန်မာ့တပ်မတော်က အကြမ်းဖက်နှိမ်နင်း မယ်။ နောက်ဆုံးအဆင့်ကတော့ မြန်မာ့တပ်မတော်က နိုင်ငံ့အာဏာကို သိမ်းယူလိုက်မယ်။

လက်နက်စွန့်ရေးနဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ
            အမျိုးသားရေးရပ်တည်ချက်အရ လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြရတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဘယ်လိုမှ လက်နက်စွန့်ရေးကို လက်ခံနိုင်မှာမဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ခြင်းမရှိဘဲ ဒီကိစ္စကို လက်ခံ ဆွေးနွေးဖို့မစဉ်းစားနိုင်ပါ။
            ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA ဆိုရင် ကရင်ခေါင်းဆောင် စောဘဦးကြီး မူ ရှိပါတယ်။ “ကရင့်လက်နက် ကရင်လက်ထဲမှာပဲရှိရမည်” “လက်နက်ချစကား အလျဉ်းမပြောရ” ဖြစ်ပါတယ်။ အလားတူပါပဲ အခြား တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း လက်နက်ကိုင်လမ်းစဉ်အပေါ် တိကျရှင်းလင်းတဲ့ မူဝါဒရပ်တည်ချက်တွေရှိပါတယ်။
            မြန်မာအစိုးရအဆက်ဆက်ရဲ့လက်ထက်မှ အပစ်ရပ်စဲရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်ကနေ လက်နက်ဖြုတ်သိမ်းမှု၊ အသွင်ပြောင်းမှု ပုံသဏ္ဍာန်အမျိုးမျိုးခံခဲ့ရပြီး လက်နက်မဲ့၊ အဖွဲ့အစည်းပျက်တာအဖတ်တင်ပြီး ဘာနိုင်ငံရေးတိုးတက်ပြောင်းလဲမှုမှ မရခဲ့တဲ့အတိတ်သင်ခန်းစာတွေများပြားလှပါတယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုရဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ ပိုမိုခိုင်မာလာပြီး၊ လက်နက်စွန့်ရမဲ့ကိစ္စကို လက်မခံ နိုင်တာတွေ့မြင်ကြရပါတယ်။
            နိုင်ငံရေးပြဿနာကို နိုင်ငံရေးတည်းလမ်းနဲ့ဖြေရှင်းခွင့်မရကြလို့သာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြ ရတာ မဟုတ်ပါလား။

လက်နက်စွန့်ရေးအပေါ် တအာင်းတပ်မတော်အမြင်သဘောထား
လက်နက်စွန့်၊ လက်နက်အပ်၊ လက်နက်ချ၊ ငြိမ်းချမ်းရေးနဲ့လက်နက်လဲလှယ်၊ ဥပဒေဘောင်တွင်းဝင်ရောက်ခြင်း ဒီဝေါဟာရ စကားလုံးနဲ့ မြန်မာစစ်အုပ်စုရဲ့ လုပ်ထုံးလုပ်နည်း ကိုင်တွယ်ပုံကို ကျနော်တို့ တအာင်း(ပလောင်) အဖွဲ့ ကောင်းကောင်းသိမြင်ခံစားပြီး ဖြစ်ပါတယ်။ လူမျိုးရဲ့သိက္ခာ၊ တော်လှန်ရေးထဲပါဝင်သူတွေရဲ့ဘဝ၊ တော်လှန်ရေးကာလ အမျိုးမျိုးပေးဆပ်ခဲ့ကြရတဲ့ ဒေသခံပြည်သူတွေရဲ့ဘဝ ဒါတွေအားလုံးကို ချောင်းထဲမြောင်းထဲစွန့်ပစ်လိုက်သလိုမျိုး ရင်းပြီး ခံလာခဲ့ကြရပါတယ်။
၂၀၀၅ မှာ ကျနော်တို့တအာင်းအမျိုးသား PSLA ရဲ့လက်နက်တွေ တကယ်စွန့်ခဲ့ရတယ်။ မြန်မာ့တပ်မတော်ဆီ ရှိသမျှလက်နက်တွေအပ်ပေးခဲ့ရတယ်။ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ကတိကဝတ်တွေနဲ့လဲလှယ်ခဲ့ရတယ်။
မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကတိကဝတ်ကိုမယုံကြည်ပေမဲ့ ရွေးစရာလမ်းမရှိ လက်ခံခဲ့ရတယ်။ တော်လှန်ရေး ခေါင်းဆောင်ကော တအာင်းပြည်သူပါ မျက်ရည်အတိ ဘဝအားကိုးရာမဲ့ ဖြစ်ခဲ့ရတယ်။
တကယ့်လက်တွေ့ဘဝမှာလည်း လက်နက်အပ်လိုက်ပြီးတဲ့နောက်ပိုင်း တအာင်းပြည်သူတွေရဲ့ဘဝဟာ လုံခြုံမှု နတ္ထိဖြစ်လာခဲ့တယ်။ ဒေသတွင်းတာဝန်ကျ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပင်းပြီး စီးပွားရေးအမျိုးမျိုးလုပ်စားတဲ့ ပြည်သူ့စစ် အဖွဲ့ပေါင်းစုံ ပေါ်လာတယ်။ အိမ်ရှင်မတိုင်းရဲ့ မီးဖိုချောင်အထိ ဝင်ရောက်ဒုက္ခပေးလာတဲ့အထိ မူးယစ်ဆေးဝါးပြဿနာ ကြီးထွားလာပါတယ်။ တအာင်းပြည်သူကိုလုံခြုံမှုတိုက်ရိုက်ပေးနိုင်မဲ့ လက်နက်ကိုင်တပ်ဖွဲ့မရှိတဲ့နောက်ပိုင်း အခြား လက်နက်ကိုင်အဖွဲ့တွေ ဒေသတွင်းဝင်ရောက်လာပြီး လူသစ်စုဆောင်းတာ၊ ရိက္ခာစုဆောင်းတာ တဆထက်တဆ တိုးများ လာတယ်။ တအာင်းမိဘပြည်သူတွေဟာ တကယ့်ကို ခိုကိုးရာမဲ့ဘဝ ဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် PSLA မျိုးဆက်သစ်ခေါင်းဆောင်တွေက တအာင်းမိဘပြည်သူတွေရဲ့ အားကိုးရာ၊ ဘဝလုံခြုံရာ ဖြစ်ဖို့ အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ကို လူထုအားနဲ့အပြင်းအထန်စုစည်းတည်ထောင် လှုပ်ရှားလာကြရတာဖြစ်ပါတယ်။
တအာင်းပြည်သူလူထုအတွက် တအာင်းလက်နက်ကိုင်တပ်မတော်တရပ် မရှိမဖြစ်လိုအပ်ပါတယ်။ လက်နက်စွန့် ခြင်းရဲ့ ခါးသီးတဲ့ဘဝသင်ခန်းစာတွေအပေါ် ကောင်းကောင်းကြီးနားလည်ပြီး ပြုပြင်စုဖွဲ့မှုတွေလုပ်ပါတယ်။
TNLA တအာင်းတပ်မတော်ရဲ့ သစ္စာအဓိဋ္ဌာန်-ငါးချက်မှာ “ငါတို့သည် ဘယ်တော့အခါမှလက်နက်ချ အညံ့ခံမည် မဟုတ်” “အူယာမ်မာ် အံဝ်းခါမ်ချ လာက်နာက်”ဆိုတာပါပြီး တပ်ဖွဲ့ဝင်တိုင်း နေ့စဉ်ကတိသစ္စာပြုကြရပါတယ်။
ဒီတော့ မြန်မာ့တပ်မတော်ဖိအားပေးနေတဲ့ လက်နက်စွန့်ဖို့၊ လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းဖို့၊ လက်နက် ထိန်းချုပ်ရေး တို့ဆိုတဲ့အရာတွေ အခု တအာင်းတပ်မတော် TNLA ရဲ့ မူပေါ်လစီက လုံးဝလက်မခံပါဘူး။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘယ်အချိန်အခါမှ လက်နက်ချမှာ မဟုတ်ဘူး။
သို့သော် တအာင်းလူမျိုးတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ရရှိတဲ့တနေ့မှာဆိုရင်တော့ တအာင်းပြည်သူ လူထုတရပ်လုံးကို လုံခြုံမှုပေးနိုင်မဲ့ ပြည်နယ်စောင့်တပ်၊ ပြည်နယ်လုံခြုံရေး၊ လူမျိုးစောင့်တပ် အစရှိတဲ့အသွင်ပြောင်းမှုမျိုး ဆွေးနွေးဆောင်ရွက်တာကတော့ ခေတ်ကာလ အခြေအနေပေါ် ဖြစ်လာနိုင်ပါတယ်။

လက်နက်တကယ်စွန့်ရင် ငြိမ်းချမ်းရေးတကယ်ရသွားမှာလား
            လက်နက်တကယ်စွန့်ကြရင် ငြိမ်းချမ်းရေးတကယ်ရသွားမှာလား ဆိုတာကတော့ ရိုးရိုးလေးဖြေလိုက်ရင်တော့ တကယ်ငြိမ်းချမ်းရေးရသွားနိုင်မှာပါ။ မငြိမ်းချမ်းတာ တိုက်ပွဲတွေဖြစ်နေတာ ဒီလက်နက်တွေရှိနေလို့ပါပဲ မဟုတ်လား။
            သို့သော် တကယ်လက်နက်စွန့်ပြီး တကယ်ငြိမ်းချမ်းဖို့ဆိုရင်တော့ မြန်မာ့တပ်မတော် အပါအဝင် လက်နက်ကိုင် အဖွဲ့တွေအားလုံး စွန့်ဖို့လိုပါလိမ့်မယ်။ အဲသလို စွန့်ဖို့အတွက် ကတိကဝတ်တွေ နိုင်ငံရေးသဘောတူညီချက်တွေ လိုအပ်ပါလိမ့်မယ်။ တချို့အဖွဲ့ကိုပဲ လက်နက်စွန့်ခိုင်းလို့ မငြိမ်းချမ်းနိုင်ပါဘူး။
            မြန်မာ့တပ်မတော် တောက်လျှောက်ပြောနေတဲ့ လက်နက်ဖျက်သိမ်းရေး၊ လျော့ချရေး DDR ပဲဖြစ်ဖြစ်၊ တော်လှန်ရေးအဖွဲ့တွေတင်ပြနေတဲ့ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေး SSR ပဲဖြစ်ဖြစ် တဖက်တည်းကိုပဲလုပ်မယ် ဆိုရင်တော့ ဘယ်လိုမှ မငြိမ်းချမ်းနိုင်ပါဘူး။
            ၂၀၀၅ ခုနှစ်မှာလက်နက်အပ်ခဲ့ရတဲ့ တအာင်းတပ်မတော် PSLA ဟာ ဒီကနေ့ TNLA တပ်မတော်ပြန်ဖြစ်လာ တော့ နဂိုအင်အားထက် ၁၀ ဆကျော်ကြီးထွားလာပါတယ်။ ကျန်တဲ့တိုင်းရင်းသားလူမျိုးတွေလည်း ဒီလိုပဲ ဖြစ်လာမှာပါပဲ။
            ဒါကြောင့် မြန်မာပြည် တကယ်ငြိမ်းချမ်းဖို့ဆိုတာ လက်နက်စွန့်ရေးမှာမမူတည်ပါဘူး။
            နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ တန်းတူရည်တူဆွေးနွေးပြီး အားလုံးလက်ခံနိုင်မဲ့ နိုင်ငံရေးဘုံသဘောတူညီချက်ရရှိအောင်လုပ်နိုင်မှသာ မြန်မာပြည်တကယ်ငြိမ်းချမ်းမှာဖြစ်ပါတယ်။

မိုင်းဂေါင်းမောဝ်း (၂၀၁၆-၀၇-၂၃)

Sunday, May 22, 2016

၄၀ မှ ဘ၀စတယ် ဆိုရင်

၄၀ မှ ဘ၀စတယ် ဆိုရင်
ဒီနေ့မှ တကယ်ဘ၀စမယ်။ ။
လေဆန် မုန်တိုင်းထန်
ကြမ်းတမ်းမှုဒဏ် အားလုံးကျော်ဖြတ်မယ်။
၄၀ ဘ၀အစမှာ
ဘ၀ခရီးအဖော်မွန်
တော်လှန်ရေးပန်းတိုင် ချီတက်မဲ့ ရဲဘော်ရဲဖက်
အန္တိမပန်းတိုင်ကိုအတူလျောက်လှမ်းမဲ့ တအာင်းပြည်သူ
ဒါတွေအားလုံး ထိုက်သင့်သမျှ ငါရထားတယ်။
၂၁ ရာစုရဲ့ ဆွံ့အနားမကြားနိုင်ငံရေး
AK ခပ်ပြင်းပြင်းနဲ့ဆွဲဖွင့်မယ်။ ။
ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)
၂၃၊ မေ၊ ၂၀၁၅

ဘဝမိုင်တိုင် ၄၁ ကိုဖြတ်ကျော်ခဲ့ပြီ…

ဘဝမိုင်တိုင် ၄၁ ကိုဖြတ်ကျော်ခဲ့ပြီ…

ဘဝမိုင်တိုင် ၄၁ မှာ
နိုင်ငံရေးအခင်းအကျင်းသစ်တွေ မဆုံးနိုင်ဘူး။

ဒီမိုကရေစီခေတ်သစ်မှာ
သူပုန်ဖြစ်ရတဲ့ အမေ့သား တော်တော်ကိုဆိုးနေသလား။

လူဆိုတာ နိုင်ငံရေးသားကောင်တွေမို့
နိုင်ငံရေးကစားကွက်မှာ လောလောဆယ် သူပုန်ဆိုလည်းသူပုန်ပေါ့။

သူပုန်ကိုလက်နက်စွန့်ဖို့ပဲ ပြောတတ်တဲ့လဒတွေ
အစကတည်းက အဲဒီနိုင်ငံတော် မရှိခဲ့သင့်ဘူး
ငါတို့ညံ့ခဲ့တာလေ။

တထောင်စီစုတဲ့ တပ်မဟာ ၅ ခုကို
ဘာအင်အားမှမရှိဘူးလို့ ပြောတဲ့ကာချုပ်ကြီးလည်း
သူ့ရဲဘော်တွေ ငါတို့မြေမှာ အရိုးသွန်မြေသြဇာဖြစ်
အော် … တိုင်းရင်းသားသွေးချင်းတွေပဲလေ
ဘယ်သူသေသေ ငါတို့တတွေပဲ။

အမေ့ရဲ့ ဒီမိုကရေစီခေတ်သစ်မှာမှ
မိုးကျရွှေကိုယ်တွေနဲ့ ငြိမ်းချမ်းရေးစကားထပ်ပြောခိုင်းပြန်တော့
ဒီက သူပုန်ဘဝ ဘယ်လိုကျွတ်တန်းရပါ့မလဲနော်။

ဘာပဲဖြစ်ဖြစ် ၇၀ ကျော် ၈၀ နီးတဲ့ ငါ့အမေအိုကိုတော့
အချိန်မီ အလုပ်အကျွေးပြုခွင့် ရနိုင်ကောင်းပါရဲ့
ဇာတာပါ အသက်အတိုင်း ရှည်စေသောဝ်။
ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)
၂၀၁၆/၀၅/၂၁ (၂၂း၀၇)

Friday, March 4, 2016

မိုးမလင်းနိုင်သေးတဲ့ နိုင်ငံတော်

နိုင်ငံတော် ဆိုတဲ့သူတွေက...
တပ်မ တပ်ထီးတွေနဲ့ ဝိုင်းပိတ်ဆို့ကြတယ်။

နိုင်ငံတော် ဆိုတဲ့သူတွေက...
NCA လက်မှတ်ပေးပြီး ရှမ်းတောင်ကိုကြားခံစေတယ်။

နိုင်ငံတော် ဆိုတဲ့သူတွေက...
ဖြတ်လေးဖြတ်ထက်ပိုတဲ့ ထိုးစစ်တွေနဲ့ မြေလှန်ချေမှုန်းမယ်တဲ့။

ငါ့ ပြောက်ကျားသူပုန်
အဲဒီနိုင်ငံတော်ကို ငါမဖြုန်ဘူး
ပြည်သူအားနဲ့ တောင်ပေါ်ကိုခြေလှမ်းမှန်မှန်တက်မယ်။

တောင်ပေါ်ပြည်သူတို့ရေ...
စစ်အပူမီးလျှံတွေ
နောင်ဒီချုပ်နိုင်ငံတော်သစ်မှာ
... ... ... ထင်ပါရဲ့။

ဘုန်းကျော် (လက်ဖက်မြေ)
၀၄-၀၃-၂၀၁၆-၁၆း၅၅

Friday, October 16, 2015

မြန်မာပြည်တွင်းဖြစ် စစ်စစ်....


မြန်မာပြည်တွင်းဖြစ် စစ်စစ်....

မြန်မာ့ဒီမိုကရေစီ တဲ့...
လောက်ကောင် ၂၅ % ရောထည့်ထားတယ်။

ပြည်ထောင်စု တဲ့...
ဘဝရှင်မင်းတစ်ပွေထဲ ထိန်းချုပ်ထားတယ်။

တစ်နိုင်ငံလုံးအပစ်ရပ် တဲ့...
ရှစ်လုံးတစ်ပြည် နောက်မှထပ်ဖြည့်မယ်။

မြန်မာပြည်မှာ...
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ
ပည်ထောင်စုမြန်မာနိုင်ငံ
NCA တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်...
... .....................
... .....................  
... .....................
အားလုံးက မြန်မာ့နည်း မြန်မာ့ဟန်
မြန်မာပြည်တွင်းဖြစ် စစ်စစ်။ ။

ဘုန်းကျော် (လက်ဖက်မြေ)
၂၀၁၅ ၁၀ ၁၆
 


Friday, November 21, 2014

ညီငယ်......ငါ တာဝန်မကျေခဲ့သေးဘူး


ညီငယ်......ငါ တာဝန်မကျေခဲ့သေးဘူး

တို့တပ်မှူးနဲ့ရဲဘော်တွေ
မေမြို့ ဗိုလ်သင်တန်းကျောင်းကို 
RPG နဲ့ဝင်ထုဖို့ တင်ပြခဲ့တာ...
ငါနဲ့ တို့အထက်လူကြီးတွေ တားဆီးခဲ့တယ်။

တို့သင်တန်းကျောင်းကို
လက်နက်ကြီးနဲ့ခွင်းဖို့
မလုပ်ချင်တဲ့မြန်မာရဲဘော်တွေကို
သူတို့အထက်လူကြီးတွေ ဖိအားပေးအမိန့်ပေး... ထုခဲ့တယ်။

ဒီလိုပါပဲ...
မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု ... အကြမ်းဖက်မှု။

ငါ့ညီငယ် ရဲဘော်တို့ရေ...
မင်းတို့အားလုံး တာဝန်ကျေပါပြီ
ဦးဆောင်ခွင့်ရတဲ့ ငါကတာ...

ငါဆုတောင်းပါတယ်
မင်းတို့ငါတို့ ဖြစ်လေရာဘဝတိုင်း တအာင်းလူမျိုးအဖြစ်မွေးဖွားပါစေ... 

ငါကတိပေးပါတယ်
ငါတို့ မင်းတို့နေဖို့ တအာင်းပြည်နယ် တည်ဆောက်ပါ့မယ်...

ညီငယ် မင်းတို့တွေ သွားနှင့်တော့
တို့တည်ဆောက်မဲ့ တအာင်းပြည်မှာ ပျော်မွေ့ဖို့
ပြန်လည်ရှင်သန်ကြပါစို့။

ဘုန်းကျော် (လက်ဖက်မြေ)
၂၁.၁၁.၂၀၁၄ (၂၂း၁၂)

Tuesday, October 21, 2014

ငံကျိကျိ ဆွံ့အ နားမကြား နိုင်ငံရေး



ငံကျိကျိ ဆွံ့အ နားမကြား နိုင်ငံရေး


ဆွံ့အ နားမကြား နိုင်ငံရေး
အဲဒီအတွေးပဲ ထပ်ထပ်ရေးကြတယ်
ဒါကိုပဲ ဆင့်ခါ လက်မှတ်ထိုးရအုံးမတဲ့။

ပစ်ဟယ်ခတ်ဟယ်လုပ်တော့
လက်ပံပင်ကိုပဲ ဓါးနဲ့တက်တက်ချိုင်လို့
ဂျာအေးပဲ အရိုက်ခံနေရတယ်။

မုန့်လုံးစက္ကူကပ်တာလည်း အခါခါပေါ့
ဒါကိုပဲ ကိုယ့်ပေါ်ကို အတ္တသကာရည်လောင်း
တံလျှပ်ကိုရွှေအတင်းပြောင်း ဇာတ်ဟောင်းထဲလည်ချင်သူရှိတယ်။

သူ့ ဆွံ့အ နားမကြားက အရူးပါး
မူခြောက်ချက်ကိုဖက်တွယ်
ပြည်သူမျက်ရည်ကြားကနေ ရသလောက်ဆယ်ထားတဲ့
မသထာရေဆာတွေကို ဖုံးလို့ ဖိလို့။

စာဖတ်နေသူကြီးရဲ့
အဲဒီ…ဒီမိုကရေစီကြီးက
ပြည်သူတွေရဲ့အနာဂတ်ကို
ငံကျိကျိဒုက္ခအိုးထဲ ဇွတ်နင်းချေနေတော့တယ်။    

ဘုန်းကျော် (လက်ဖက်မြေ)
၂၁-၁၀-၂၀၁၄ (၀၃း၁၉)

Saturday, August 23, 2014

နှစ်လေးဆယ်ကျော် တအာင်းစာ… ကစားမလား နားမလား… သတိနဲ့သွား



နှစ်လေးဆယ်ကျော် တအာင်းစာ… ကစားမလား နားမလား… သတိနဲ့သွား

၄၀ ကျော်မှ ဘဝ စတယ်ဆိုရင်…
တအာင်းစာပေ ဘဝစတာ မကြာသေးဘူးပေါ့။

၁၉၈၉… တချိန်တုန်းက ကျောက်မဲမှာပေါ့…
ပံပ်အူ ပံပ်အာရ် လာသင်ကြားတော့
ငါလည်းကြားညှပ် တဝက်တပျက် အလွတ်ကျက်ခဲ့ဖူးတယ်။

ငါ့လိုပါပဲ အခြားလူလည်း…
ဒီလိုနဲ့ ငါ့ဘော်ဒါတချို့ နဲ့ငါ
ပံပ်အူ ပံပ်အာရ်ကြားမှာနစ်
အခုထက်ထိကျမ်းမကြေနိုင်သေးဘူး။

ငါ့လိုပါပဲ ပံပ်အူပံပ်အာရ်လည်း… အနှစ်လေးဆယ်ကျော်
သူ့ကိုကျော်နိုင်တဲ့ စာသင်ကျမ်းမရှိနိုင်သေးဘူး။

အခုတော့ မြန်မာအစိုးရ သဘောထားကြီးမှုနဲ့
ရူမာည်းတအာင်း သင်ရိုးညွှန်းတမ်း
ဆာမ်လုမ်တအာင်း သင်ရိုးညွှန်းတမ်း အစီအရီထွက်
ငါ့တူမငယ်တွေ ထပ်အလွတ်ကျက်ရတော့မယ်။

ညအခါ လသာသာ…ကို
ရူမာည်းလို သရ နဲနဲပါအောင် ဘယ်လိုဘာသာပြန်ပြီး
ငါးနှစ်အရွယ် ငါ့တူမကို သင်ကြားမလဲ ငါတွေးပူမိတယ်။

တိုင်းရင်းသားတွေကိုသတ်ဖြတ် နယ်ချဲ့အင်ပါယာထူခဲ့တဲ့
ဗမာစစ်သူရဲကောင်းအကြောင်း သူကောင်းပြုပြီး ဆာမ်လုမ်လို ဘာသာသွင်း
ဆယ်နှစ်အရွယ် ငါ့တူလေးဦးနှောက်ထဲ ဘယ်လိုချွတ်ယွင်းမလဲ
ငါစဉ်းစားရကြပ်တယ်။

အော်… ငါတို့လက်ထပ် ပံပ်အူပံပ်အာရ်ထက် တဆင့်မြင့်
အခုတော့ သင်ရိုးညွှန်းတမ်းသစ်တွေဖြစ်လာတာ ငါစိတ်မညစ်ချင်ပါဘူး
တအာင်းစာပေယဉ်ကျေးမှုကော်မတီ ကြီးကိုပဲ
ကျေကျေနပ်နပ်ကြီး ကျေးဇူးတင်လိုက်တော့မယ်။

တကယ်တမ်းတော့…
တအာင်းစာကို တအာင်းလူမျိုးတိုင်း တတ်မြောက်အသုံးပြုဖို့ ဆိုတာ…
ငါ…
မင်း…
ငါတို့…
သူတို့…
တအာင်းအားလုံးကို… လက်ညှိုးထိုးလိုက်တာ အသေချာဆုံးပဲ။

ကဲ… ဘာဆက်လုပ်မလဲ
ကစားမလား၊ နားမလား။

တအာင်းစာပေ နှစ်လေးဆယ်ကျော်…
သတိနဲ့သွား။………..။

ဖိုမ်ငါမ်(ကုင်ဆိုရ်မျံမ်)
၂၂-၀၈-၂၀၁၄ (၂၃း၅၀ နာရီ)
(သြဂုတ် ၃၀ တအာင်းစာပေနေ့ကို ဦးညွတ်လျှက်)