Tuesday, May 3, 2011

ဘေးဥပဒ်ကင်းတဲ့ လက်ဖက်ကောင်းကောင်း စားသုံးကြဖို့ဆိုရင် … …


ဘုန်းကျော် (လက်ဖက်မြေ)

၁။
တပေါင်းလေပြေနဲ့အတူ သင်္ကြန်အကြိုမိုးဖွဲဖွဲလေးတွေဟာ တအာင်း-ပလောင်လူမျိုးတွေအတွက် ကျက်သရေ မင်္ဂလာတွေကို နှစ်စဉ်သယ်လာစမြဲပါ။ မြန်မာပြည်သူတရပ်လုံးအကြိုက်ကိုထုတ်လုပ်ပေးတဲ့ ရွှေဖီမိုးလွတ် လက်ဖက်ရာသီမဟုတ်လား။

ဒါပေမဲ့ ဒီနှစ် တပေါင်းလေပြေနဲ့အတူ သင်္ကြန်မိုးဦးတွေမကျခင်မှာ ပလောင်လူမျိုးတွေရဲ့ အရှိုက်ကို ခြုံခိုတိုက်ခိုက်ထိုးနှက် လိုက်တာကတော့ လက်ဖက်မှာ လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အဝါရောင်ဆိုးဆေး Auramine O အသုံးပြုထား တာကြောင့် စားသုံးရန် မသင့်ပဲ ဆိုးဆေးပါ လက်ဖက်တွေအားလုံးဖျက်ဆီးပစ်ရမယ် ဆိုတဲ့ မတ်လ ၁၂ ရက်နေ့က နအဖ စစ်အစိုးရရဲ့ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ကထုတ်ပြန်လိုက်တဲ့ အမင်္ဂလာသတင်းပါပဲ။

လက်ဖက်တခုတည်းကို မှီခိုစားသောက်နေကြတဲ့ ပလောင်လူမျိုး လက်ဖက်တောင်သူတွေ ဘယ်လိုလုပ်ကြမလဲ။ စားသုံးသူတွေ လက်ဖက်အပေါ်ယုံကြည်မှုကျဆင်းသွားမယ်ဆိုရင် … …

မိုးခေါင်ရေရှားတဲ့အညာဒေသက ရိုးသားတဲ့ဗမာလူမျိုးတွေကကော လက်ဖက်ရာသီမှာ ပလောင်တောင်ပိုင်ဒေသကိုလာပြီး နွေအပူဒဏ်ရှောင်ရင်း လက်ဖက်ခူးပြီးဝင်ငွေရှာလို့ရတဲ့လက်ဖက်ရာသီကို မှီခိုလို့ရပါအုံးမလား။ လက်ဖက်စားသုံးသူ အရေအတွက်လျော့နည်းလို့ ပလောင်တောင်တန်းကြီးက အညာသားတွေကို စိမ်းကားသွားမယ်ဆိုရင် … …

ပြီးတော့ … လက်ဖက်ကို ဘိုးဘွားစဉ်ဆက်ကတည်းက နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ရိုးရာအစားစာအဖြစ် စားသောက်လာကြတဲ့ ကျနော်တို့ မြန်မာပြည်သူလူထုတရပ်လုံး လက်ဖက် ကို အန္တရာယ်ကင်းကင်း နဲ့ စားသောက် နိုင်အောင်ဘယ်လိုဆက်လုပ်ကြမလဲ။

ဝိသမလောဘသားတွေက လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အဝါရောင်ဆိုးဆေးတကယ်သုံးကြတာကို မသိလို့ လက်ဖက်ကြိုက်သူတွေ နှစ်ရှည်လများစားသုံးပြီး ကျန်းမာရေးတကယ်ထိခိုက်သွားမယ်ဆိုရင် … …

လက်ဖက်စားသုံးလို့ တကယ်ကျန်းမာရေးထိခိုက်သွားတဲ့ စားသုံးသူတွေဟာ ရိုးသားတဲ့လက်ဖက်တောင်သူတွေက အန္တရာယ်ဖြစ်စေနိုင်တဲ့ အဝါရောင်ဆိုးဆေးကို ငွေကုန်ကျခံပြီး မသုံးပါဘူးဆိုတာကို မသိရှိနိုင်ဘူးဆိုရင် … …

၂။
တပေါင်းလဆန်းအစကနေ တန်ခူးလအကုန်ထိဟာ ရွှေဖီမိုးလွတ် လက်ဖက်ရာသီပါ။
တအာင်းလို့ သူတို့ကိုသူတို့ခံယူထားကြတဲ့ ပလောင်လူမျိုးတွေအတွက် အလုပ်အင်မတန်ရှုပ်တဲ့ ကာလဖြစ်သလို တနှစ်လုံးစားသောက်ဖို့အတွက် ရက်သတ္တပတ် ခြောက်ပတ်ခန့် အပြင်းအထန်ရုန်းကန်လှုပ်ရှားရတဲ့ရာသီပါ။

ရွှေဖီလက်ဖက်ရာသီရဲ့ တပေါင်းလကနေ တန်ခူးလရဲ့ သင်္ကြန်ပွဲတော်မတိုင်ခင်အထိကိုတော့ လက်ဖက်ကို စွဲစွဲမက်မက်သုံးဆောင်တဲ့ မြန်မာပြည်သူလူထုတွေအကြိုက်ဆုံးဖြစ်တဲ့ ရွှေဖီဦး လက်ဖက်တွေ လှိုင်လှိုင်ထွက်တဲ့ အချိန်ကာလပါ။ မိုးသက်လေပြင်းကင်းလွတ်တာကြောင့် လက်ဖက် အရသာ အဆီအနှစ် တကယ်ပြည့်စုံတဲ့ကာလပါ။
ခေတ်ကာလကောင်းတုန်းကဆိုရင် ဒီလက်ဖက်ရာသီတခုတည်းနဲ့ ပလောင်တွေဆန်ရေစပါး နှစ်ပါတ်လည်အောင် လဲလှယ် စားသုံးနိုင်လောက်တဲ့အထိအကျိုးပြုခဲ့တာပါ။ ဒီဘက် ကျနော်တို့ခေတ်မှာတော့ မင်းဆိုးမင်းညစ်တွေကြောင့် လုပ်ငန်းကြီး လက်ဖက်ခြံများများရှိတဲ့ အချို့မိသားစုတွေလောက်ပဲ လက်ဖက်ရာသီ ကာလ တခုတည်းနဲ့ နှစ်ပတ်လည်တဲ့အထိ မှီခို သုံးစွဲနိုင်တော့ တာကို တွေ့ရပါတယ်။

နာမည်ကြီးလက်ဖက်စို … ကျနော်တို့နှစ်နှစ်ခြိုက်ခြိုက်စားနေကြတဲ့လက်ဖက်သုပ် အဓိကထွက်ရာဒေသကတော့ ပလောင် တောင်ပိုင်နယ် နမ့်ဆန်မြို့နယ်တကြော ဇယန်းကြီး၊ ကယားလမ်း၊ ဘုရားကြီး အစရှိတဲ့ လက်ဖက်စို နာမည်ကြီး ပလောင်ရွာတွေပါ။ ဒေသခံမြေသားကိုက သဲဆန်တဲ့မြေ၀ါသားဖြစ်ပြီး လက်ဖက်စို အရသာကောင်းကောင်းထွက်ဖို့ ဘုရားရှင်ကဖန်တီးလိုက်တယ်လို့ ဆိုရင်မှားမယ်မထင်ပါ။

နာမည်ကြီး ရွှေဖီဦးလက်ဖက်ခြောက် အချိုခြောက်တွေကတော့ ပလောင်တောင်ပိုင် နမ့်ဆန်မြို့နယ်ဖြစ်တဲ့ တောင်ကျော်၊ ကွမ်ဟယ်၊ မြို့သစ်၊ နမ့်တွေ အစရှိတဲ့ အနက်ရောင် ခဲသားဆန်မြေဖြစ်တဲ့ ပလောင်တောင်တန်းတွေကနေ မြန်မာပြည် တခုလုံးကို အရည်သွေးမြင့်မားတဲ့ လက်ဖက်ခြောက်တွေ အချိုခြောက်တွေထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။

ဘယ်ဒေသကထွက်တဲ့ လက်ဖက်စို၊ လက်ဖက်ခြောက်၊ အချိုခြောက်တွေကမှ အစောကပြောခဲ့တဲ့ဒေသတွေကထွက်တဲ့ လက်ဖက်ထွက်ကုန် အရည်အသွေးကိုမမှီပါဘူး။ ဘယ်လိုဆိုးဆေး၊ ဘယ်လိုနည်းပညာနဲ့ ပြုပြင်မွမ်းမံနေပါစေ အဲဒီဒေသက ထွက်တဲ့ လက်ဖက်ထွက်ကုန်ရဲ့ အရောင်အဆင်း၊ အနံ့အရသာ၊ အရည်အသွေးကို လုံးဝ တုနှိုင်းလို့မမှီပါ။

တဆက်တည်းမှာပဲ လက်ဖက်ခြောက်မှာ ထိပ်တန်းဖြစ်တဲ့ မြို့သစ်ကျေးရွာလိုဒေသတွေက လက်ဖက်စို ထုတ်မယ်ဆိုရင် ဇယန်းကြီး လက်ဖက်စိုကို နဲနဲလေးမှ မယှဉ်နိုင်သလို၊ လက်ဖက်စို ဘုရင်ဖြစ်တဲ့ ဇယန်းကြီးမြေကနေ ထွက်တဲ့လက်ဖက်ကို လက်ဖက်ခြောက်အဖြစ်ထုတ်မယ်ဆိုရင်လည်း လက်ဖက်ခြောက်အရှင်သခင်ဖြစ်တဲ့ မြို့သစ်၊ တောင်ကျော် တို့လိုရွာက လက်ဖက်ခြောက်ရဲ့ အဆင်း၊ အနံ့အရသာ၊ အရည်အသွေးကို လုံးဝ လိုက်မှီနိုင်မှာမဟုတ်ပါဘူး။

ဒီလို အရည်အသွေး၊ အဆင်းအနံ့၊ အရသာ မပြောင်းလဲပဲ ထူးခြားကောင်းမွန်တဲ့ လက်ဖက်တွေကို ပလောင်တောင်တန်း ပြာကြီးက ထုတ်လုပ်ပေးနေတာ ဆိုရင် နှစ်ပေါင်း ထောင်ကျော်ခဲ့ပါပြီ။ "လက်ဖက်အစ ပလောင်က" လို့တောင် ခံယူထား ကြပါတယ်။ မြင့်မားတဲ့ ပလောင် တောင်တန်းကြီးတွေပေါ်မှာ အသက်ရှင်နိုင်ဖို့အတွက် ပလောင်တွေမှီခိုအားထားစရာ လက်ဖက်မျိုးစေ့ ကို အလောင်းတော် မဏိစည်သူ မင်းကြီးက ဗျာဒိတ်ပေးခဲ့တယ်လို့ ဘိုးဘေးစဉ်ဆက် ယုံကြည် လာကြတော့ ပလောင် လူမျိုးတွေဟာ ဒီမြေ၊ ဒီရေ၊ ဒီ အပြာရောင်တောင်တန်းကြီးတွေပေါ်မှာ လက်ဖက်လုပ်ငန်း လုပ်ကိုင်စားသောက်လာတာ အနည်းဆုံး ထောင်စုနှစ်တစ်ခုကိုတော့ဖြတ်ကျော်ခဲ့ပါပြီဆိုတာ သက်သေတည်နေတာပါပဲ။

၃။
လက်ဖက်ထွက်တဲ့ရာသီကို အကြမ်းအားဖြင့် သုံးပိုင်း ပိုင်းခြားလေ့ရှိပါတယ်။
တပေါင်းလကနေ တန်ခူးလကုန် အထိ ရွှေဖီမိုးလွတ်လက်ဖက်ရာသီ။
ကဆုန်လပြည့်ကျော်လောက်ကနေ ၀ါဆို၊ ၀ါခေါင်လလောက်အထိ မိုးရာသီမှာထွက်တဲ့ ခါးကန်လက်ဖက်ရာသီ။
သီတင်းကျွတ်လပြည့်ကျော်လောက်ကနေ တန်ဆောင်မုန်းလအထိ ဆောင်းအဦးမှာခပ်ကြဲကြဲထွက်တဲ့ နှင်းတက်လက်ဖက်ရာသီ။ လက်ဖက်ရာသီအားလုံးထဲမှာတော့ ရွှေဖီမိုးလွတ်လက်ဖက်ရာသီက အကောင်းဆုံးဖြစ်ပြီး၊ လက်ဖက်ထွက်နှုန်းလည်း အများဆုံးဖြစ်ပါတယ်။ ကျန်တဲ့လက်ဖက်ရာသီနှစ်ခုပေါင်းတာတောင် ရွှေဖီမိုးလွတ် လက်ဖက်ရာသီ ထွက်နှုန်းကို မမှီနိုင် သလို အရည်အသွေး၊ အဆင်းအနံ့၊ အရသာကလည်း မမှီပါ။

လက်ဖက်ထွက်ကုန်အမျိုးမျိုးကို ပလောင်ဒေသတွေဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုန်၊ နမ့်ခမ်း၊ မိုးကုတ်၊ သီပေါ မြို့နယ်တွေနဲ့အတူ ရှမ်းပြည်အလယ်နဲ့တောင်ပိုင်းဒေသက ကလော၊ အောင်ပန်း၊ ရွာငံရေဦး အစရှိတဲ့မြို့နယ်တွေကနေ ထုတ်လုပ်ကြပါတယ်။ လက်ဖက်ခြံလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုတာကတော့ အများအားဖြင့် ပလောင်လူမျိုးတွေ ဖြစ်ကြပြီး၊ အချို့ဒေသတွေမှာ ရှမ်း၊ တောင်ရိုးဓနု လူမျိုးတွေ လက်ဖက်ခြံလုပ်ငန်းလုပ်ကိုင်ကြပြီး၊ အခုဆိုရင် အစိုးရရဲ့ ပေါ်လစီအတိုင်း ချင်းတောင်တန်းတွေမှာလည်း စိုက်ပျိုးထုတ်လုပ်လာကြပါပြီ။

ပလောင်လူမျိုးအများစုဟာ လက်ဖက်ခြံလုပ်ငန်းတခုတည်းကိုပဲ အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်ကြပြီး အခြား ဘယ်သီးနှံထွက်ကုန်မှ စီးပွားဖြစ်မစိုက်ပျိုးပါဘူး။ လက်ဖက်ထွက်ကုန်တခုတည်းနဲ့ပဲ ရပ်တည်နေနိုင်ကြပါတယ်။ ရွှေဖီလက်ဖက်ရာသီတခုတည်းမှာပဲ ကွမ်ဟယ်၊ တောင်ကျော်၊ မြို့သစ်တို့လို လက်ဖက်ခြောက်ဘုရင်တွေဟာ နှစ်စဉ် ပိဿာချိန် အနည်းဆုံးသိန်းဂဏာန်းကျော် ဆီ အသီးသီးထွက်ရှိပြီးတော့ ဇယန်းကြီးလိုဒေသတခုတည်းကနေ လက်ဖက်စို နှစ်စဉ်ပိဿာချိန် အနည်းဆုံးသန်းဂဏာန်းအထိ ထွက်ရှိပါတယ်။

ဒါကြောင့် ဆန်၊ ဆီနဲ့အခြားထွက်ကုန်တွေမထွက်တဲ့ လူဦးရေအနည်းဆုံး ငါးသိန်းလောက်ရှိတဲ့ ပလောင်ဒေသဟာ လက်ဖက်တခုတည်းကိုအဓိကမှီခိုအားထားကြရ ပါတယ်။ လက်ဖက်အထွက်ကောင်းပြီး ဈေးကွက်ကောင်းတဲ့အချိန်ဆိုရင် ပလောင်လူမျိုးတွေ စီးပွားရေးချောင်လည်ကြပြီး အလှူအတန်းတွေများများလုပ်နိုင်ကြပါတယ်။ ပလောင်မိသားစုတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာအားလုံးဟာ လက်ဖက်ထွက်ကုန်ကိုပဲ မှီခိုဖြေရှင်းကြရပါတယ်။

နောက် လက်ဖက်လုပ်ငန်းကိုမှီခိုအားထားကြသူတွေကတော့ မိုးခေါင်ရေရှားတဲ့ ဗမာပြည်အလယ်ပိုင်း အညာဒေသမှာ နေထိုင်ကြတဲ့သူတွေပါ။ ရွှေဖီလက်ဖက်ရာသီတခုတည်းမှာပဲ ပလောင်ဒေသကို အညာက ဗမာလူမျိုးတွေ အနည်းဆုံး သိန်းဂဏာန်ထိ လာရောက် အလုပ်လုပ်ကြပါတယ်။ တောင်ကျော်၊ မြို့သစ်၊ ဇယန်းကြီးလို လက်ဖက် လုပ်ငန်းကြီးကျယ် တဲ့ရွာတွေဟာ လက်ဖက်ခူး သမား အညာသားတွေ အနည်းဆုံး ဦးရေ တစ်သောင်း ၀န်းကျင်လောက်နှစ်စဉ်ခေါ်ရပါတယ်။ လက်ဖက်ခူးသူ အတော်များများဟာ လက်ဖက်ကာလပြီးလို့ မိုးရာသီဝင်ပြီဆိုတာနဲ့ ကိုယ့်ရပ်ရွာကိုပြန်ပြီး လယ်ယာပြန် လုပ်ကြပြီး၊ အချို့ကတော့ ပလောင်ဒေသမှာပဲ နှစ်လုံးပေါက်နေကြပါတယ်။ Migrant worker တမျိုးပဲပေါ့။

၎။
လက်ဖက်အရောင်ဆိုးဆေး … ဒါတွေကို ဘယ်သူတွေစသုံးခဲ့တာလဲ။
အစပိုင်းမှာပြောခဲ့တဲ့ လက်ဖက်လုပ်ငန်းနဲ့ နာမည်ကြီးကြတဲ့ ဒေသတွေမှာ လက်ဖက်ထွက်ကုန်တွေကို ဘာအရောင်မှ ဆိုး စရာမလိုပါဘူး။ ဇယန်းကြီးကထွက်တဲ့လက်ဖက်စိုဆိုရင် အရောင်က နဂိုစိမ်းနုရောင်နဲ့ အ၀ါရောင်သမ်းပြီး၊ လနဲ့ချီ မြေကျင်းမှာသိပ်ထားပြီးပြီဆိုရင် စားရတာ အင်မတန်စိမ့်ပြီး လျှာထဲမှာအရသာစွဲကျန်စေပါတယ်။ နေပူပူမှာ အလုပ်လုပ်လို့ မောပမ်းတဲ့အချိန်မှာ အဲဒီလက်ဖက်သားကို စားပြီး အရသာခံလိုက်တယ်ဆိုရင်ပဲ အမောပြေပြီး ခေါင်းထဲကြည်လင် လန်းဆန်း လာစေပါတယ်။

သတင်းတွေမှာကြားရသလိုပါပဲ လက်ဖက်သားကို ကိုင်ယုံနဲ့လက်ဖြားလေးတွေဝါသွားမယ်ဆိုရင်တော့ ဆိုးဆေး သုံးတာ သေချာပါတယ်။ ဒါပေမဲ့ ဆိုးဆေးက အစားအသောက်မှာထည့်တဲ့ဆိုးဆေးဆိုရင်တော့ ဘေးဥပဒ်က FDA ကြေညာ သလိုမျိုး မများနိုင်ပါဘူး။ အရည်အသွေးနိမ့်တဲ့ဒေသ သို့မဟုတ် ရွက်နုအဆင့်ကိုမှီအောင်မခူးနိုင်လို ရွက်ကြမ်း တွေကိုပဲ ခူးလိုက်ရတဲ့ လက်ဖက်မျိုးဆိုရင်တော့ ၀ိသမလောဘတက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ရောင်းပမ်းလှအောင် နာမည်ကြီးထိပ်စလို ဈေးကောင်းရအောင် ၀ယ်ယူစားသုံးသူအကြိုက် အရောင်တင်ကြတာပါ။

အ၀တ်၊ ချည်၊ သရေ တွေမှာသုံးတဲ့ အ၀ါရောင်ဆိုးဆေးသုံးရင် လက်ဖက်သားမှာ ကြာကြာစွဲထင်စေတာကြောင့် သုံးကြ တာဖြစ်နိုင်ပါတယ်။ အစားအသောက်မှာသုံးရမဲ့ လက်ဖက်ဆိုးဆေးကတော့ အဲဒီလောက်ထိ အရောင်ကြာရှည်မဆွဲပါ။
လက်ဖက်သားကို ကိုင်ပေမဲ့ လက်ခြောက်သွားရင် အ၀ါရောင်မစွန်းဘူး၊ အရောင်ကူးလွယ်တဲ့အဖြူရောင်အ၀တ်စလိုမျိုး က လက်ဖက်သားနဲ့ထိတွေ့ပြီး ခြောက်သွားလို့ အ၀ါရင့်ရောင်စွန်းထင်ခဲ့မယ်ဆိုရင် အဲဒီလက်ဖက်ဟာ ဆိုးဆေးသုံးတာ မဟုတ်ပါဘူး။ လက်ဖက်အဆီအနှစ်ရဲ့ နဂိုအရောင်ကိုက ၀ါကျင့်ကျင့်နဲ့ အနီရောင်နဲနဲသမ်းနေတတ်တာပါ။
လက်ဖက်ထွက်တဲ့ ပင်ရင်းပလောင်ဒေသကနေ လက်ဖက်တောင်သူတွေက ဈေးကြီးတဲ့ လက်ဖက်ဆိုးဆေးတွေကို ၀ယ်ပြီး အရောင်မတင်ကြပါဘူး။ လက်ဖက်အရောင်တင်တဲ့ ဆိုးဆေးဟာ အစားအသောက်မှာသုံးတဲ့ဆိုးဆေးဖြစ်ပြီး အဝါရောင် ဆိုးဆေး Auramine O နဲ့ ဘေးထွက်ဆိုးကျိုးမတူပါဘူး။ လက်ဖက်တွေကို အဓိကအရောင်တင်ကြတာကတော့ လက်ဖက် ခြံရှိရာဒေသကမဟုတ်ဘဲ စားသုံးသူဈေးကွက်ကိုတင်ပို့မဲ့ ၀ိသမလောဘသားတွေခြေချင်းလိမ်တဲ့ ကျောက်မဲ၊ မန္တလေး တို့မှာရှိတဲ့လုပ်ငန်းရှင်တွေရဲ့ လက်ဖက်စို ပွဲရုံ၊ ကုမ္ပဏီတွေပါပဲ။

လက်ဖက်ခြောက်ဆိုရင်လည်း ခြံရှင်တောင်သူတွေကိုယ်တိုင် အရောင်တင်တာမရှိသလောက်ရှားပါတယ်။ အစောပိုင်းက ပြောတဲ့ နာမည်ကြီး လက်ဖက်ခြောက်နဲ့ အချိုခြောက်ထွက်တဲ့ဒေသက လက်ဖက်ခြောက်တွေဆိုရင် ဘာအရောင်တင် စရာမှ မလိုဘဲ အရောင်တက်နေပြီးသားပါ။ လက်ဖက်ခြောက်မှာလည်း ထိပ်စ၊ စက နဲ့ ရောင်းတမ်း (ကြမ်း) ဆိုပြီး အများအားဖြင့် သုံးမျိုးခွဲထားပါတယ်။

ထိပ်စက အရောင်နက်မှောင်ပြီး လက်ဖက်ထိပ်ဖူးအနုပိုင်းလေးတွေက အဖြူရောင်ဖွေးဖွေးနဲ့ လက်နေတတ်ပါတယ်။
စက နဲ့ ရောင်းတမ်း ကတော့ ရွက်ကြမ်းတွေဖြစ်တဲ့အတွက် အ၀ါရောင်အရွက်တွေရောနေတာတွေ့နိုင်ပါတယ်။ စက နဲ့အကြမ်းကိုတော့ အများပြည်သူတွေ ဖောဖောသီသီသုံးတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့ အခြေခံပြည်သူတွေ အဓိက သုံးကြပါတယ်။ ထိပ်စတွေကတော့ လူကုန်တန်အသိုင်းအ၀ိုင်းနဲ့ အကောင်းကြိုက်သူတွေ လက်စွဲပေါ့။

အရည်အသွေးညံ့တဲ့ အခြားဒေသကထွက်တဲ့ လက်ဖက်ခြောက်တွေက အရောင်သိပ်မနက်ပဲ အနီဘက်ပို သမ်းပါတယ်။ အဲဒါတွေနဲ့ လက်ဖက်အကြမ်းခြောက်တွေကို ၀ိသမလောဘသားတွေက ထိပ်စနဲ့ရောပြီး ဈေးကောင်းရနိုင်ဖို့အတွက် အမဲရောင်ဆိုးဆေးတွေ တချို့သုံးတတ်ကြတယ်။ မကောင်းပါဘူး။

ဒါပေမဲ့ ဖန်ခွက်ထဲ၊ လက်ဖက်ခြောက်အိုးထဲ လက်ဖက်ခြောက်ခပ်လိုက်တဲ့နောက်ပိုင်းမှာ ရေနွေးအေးသွားမယ် (သို့) အချိန်နဲနဲကြာသွားမယ်ဆိုရင် အဲဒီဖန်ခွက်၊ အိုး၊ ဓါတ်ဗူးတွေမှာ နီရင့်ရင့်အရောင်တွေတင်ကျန်ရစ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်တာဟာ လက်ဖက်ခြောက်စစ်ရဲ့ နဂိုအရောင် အဆီအနှစ်တွေပါ။ စိုးရိမ်စရာမလိုပါ။ စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

ဒါပေမဲ့ လက်ဖက်ခြောက်ခပ်ထားတဲ့ခွက်ထဲ အိုးထဲမှာ အဆီတွေလို သက်တံရောင်ဝေ့နေမယ်၊ လက်ဖက်ရည်အရောင်က အနီ (သို့) အ၀ါရောင်မသမ်းပဲ မဲနေမယ်ဆိုရင်တော့ အဲဒီလက်ဖက်ခြောက်ကိုမသုံးသင့်ပါဘူး။ အရောင်ဆိုးထားတာပါ။

အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ လက်ရှိအစိုးရရဲ့ညံ့ဖျင်းမှုကြောင့် စီးပွားရေးကျပ်တည်းမှုတွေ ဆက်တိုက်ဆိုသလိုဖြစ် လာတဲ့အတွက် လက်ဖက်အစိုကော အခြောက်ပါ ဆိုးဆေးသုံးတဲ့ ရာခိုင်နှုန်းရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲ ကျပ်တည်းတဲ့ လက်ဖက်တောင်သူတွေ သုံးတာလို့ ကောက်ချက်စွဲမယ်ဆိုရင် မှားမယ်မထင်ပါ။

၅။
စစ်အစိုးရသတင်းစာကနေ မစားသုံးသင့်တဲ့ လက်ဖက်စာရင်းတွေကို ကြေငြာပြီးတဲ့နောက်ပိုင်း သတင်းနောက်ဆက်တွဲ အကျိုးဆက်ကို ဆက်တိုက်ခံရမယ်သူတွေကဘယ်သူတွေလဲ။ ဆိုးဆေးပါ လက်ဖက်တွေကို ၀ယ်လှောင်ထားတဲ့ကုန်သည် ပွဲရုံတွေကတော့ လက်တွေ့ ချက်ချင်းအရှူံးနဲ့ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ ရေရည်အနာဂတ်မှာ တကယ်ဒုက္ခရောက်မှာကတော့ အပြစ်မဲ့လက်ဖက်တောင်သူတွေပါ။ အဲဒီဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေအတွက် တာဝန်ခံရမဲ့သူက ဘယ်သူဖြစ်သင့်သလဲ။

ဒီလိုကြေငြာပြီးရင်တော့ ဥပဒေအတိုင်း ကိုင်တွယ်အကောင်အထည်ဖော်ဖို့လိုနေပြီ။ အဲဒီလိုကိုင်တွယ် အကောင်အထည် ဖော်ဖို့ စစ်အစိုးရမှာဆောင်ရွက်နိုင်မဲ့ နည်းလမ်းအင်္ဂါအစိပ်အပိုင်း Mechanisms တွေ အတော်အားနည်းနေပါသေးတယ်။ သိရတဲ့အတိုင်းဆိုရင် ဆိုးဆေး Auramine O အသုံးပြုမှု ရှိ မရှိစစ်ဆေးနိုင်တဲ့နေရာက ရန်ကုန်မှာဌာနတခုပဲ ရှိပါတယ်။

ဒါဆိုရင် ဘယ်အချိန်ထိ လက်ဖက်တွေမရောင်းပဲထားရမလဲ။ အများပြည်သူတွေက လက်ဖက်ကို ဘယ်အချိန်ထိ စောင့်ပြီး မှ စိတ်ချလက်ချ ၀ယ်စားနိုင်မှာလဲ။ လက်ဖက်ရာသီသစ်ကလည်း စ နေပါပြီ။ တားမြစ်ထားတဲ့ စာရင်းမှာ မပါတဲ့ အမှတ် တံဆိပ်တွေကော စားသုံးရမှာ ဘယ်လောက်ထိ အန္တရာယ်ကင်းပါသလဲ။ ဆိုးဆေး မပါဘူးလို့ အာမခံနိုင်သလား။

မြန်မာပြည်မှာ ပြဿနာကိစ္စရပ် တခုခုပေါ်တိုင်း မုန့်လုံးစက္ကူကပ် ဆိုသလို နောက်ဆုံးအပြစ်ရှိတဲ့သူကတော့ မှားယွင်းစွာ အုပ်ချုပ်နေတဲ့ အာဏာရှင်တွေပါ။ တကယ်ဆိုရင် ဒီပြဿနာကို အများပြည်သူကျန်းမာရေးအတွက်ဦးစားပေး ကာကွယ် ရင်း၊ လက်ဖက်တခုကိုပဲမှီခိုရပ်တည်တဲ့ လက်ဖက်တောင်သူတွေရဲ့ဘ၀ကိုလည်း စာနာမယ်ဆိုရင် လွတ်လပ်တဲ့ အရေးပေါ်စုံစမ်းရေးကော်မရှင်တွေသေချာဖွဲ့ပြီး ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ လက်ဖက်တောင်သူတွေ ကုန်သည် ပွဲရုံ ကုမ္ပဏီတွေကလည်း သက်ဆိုင်ရာနဲ့ အပြည့်အ၀ပူးပေါင်းဖြေရှင်းသင့်ပါတယ်။

တကယ်လို့ နဂိုကတည်းက မြန်မာပြည်မှာလွတ်လပ်တဲ့အသင်းပင်းအဖွဲ့အဖြစ် လက်ဖက်ကုန်သည်များအသင်း ဒါမှ မဟုတ် လက်ဖက်အရည်အသွေးထိန်းသိမ်းရေးအစုအဖွဲ့တွေ ဖွဲ့နိုင်မယ်ဆိုရင် ဒါတွေကိုကြီးကြပ် ထိန်းသိမ်းမယ်နိုင် ဆိုရင် ဒီလိုဖြစ်လာအုံးမလား။ လက်ဖက်ပြဿနာတခုတည်းမကပဲ အခြားအစားအသောက်တွေအတွက်ပါ စဉ်းစားဖို့လိုပါတယ်။

အခု နမ့်ဆန်မြို့မှာရှိတဲ့ လက်ဖက်ကြီးကြပ်ရေးကော်မီတီဆိုတာကလည်း ပြည်သူပိုင်သိမ်းထားတဲ့ တပ်မတော်အချိုခြောက် စက်ရုံမှုး ဗိုလ်ကြီးသန်းထွန်းနဲ့ အချို့ကုန်သည်တွေက လက်ဝါးကြီးအုပ်ထားပြီး၊ လက်ဖက်တောင်သူတွေနဲ့ စားသုံးသူတွေ အတွက် အကာအကွယ်ပေးဖို့ဆိုတာထက် သူတို့လိုအပ်သလို လက်ဖက်ဈေးကို ထိန်းညိကစားနိုင်ဖို့ ဖွဲ့စည်းထားတာပါ။

မဇ္ဈိမသတင်းဌာန မှာ FDA ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါက်တာကျော်လင်း ပြောကြားရှင်းလင်းချက်တွေဟာ ကိုယ့်ပြည်သူလူထု အပေါ်တာဝန်မဲ့လွန်းရာကျနေမလားပဲ။ လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့အတွက်စားသုံးရန် မသင့်တဲ့ ဆိုးဆေးပါ လက်ဖက် စာရင်းတွေကို သတင်းစာမှာ ကြေငြာလိုက်တာကတော့ ကိုင်တွယ်ပုံ နည်းလမ်း တခုခုလွဲနေတယ်လို့မြင်မိပါတယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေးကိုတကယ်ကာကွယ်ချင်လို့ အန္တရာယ်ဖြစ်စေမဲ့အစားအသောက်စာရင်းကို လူသိရှင်ကြား ကြေငြာမယ်ဆိုရင် ဦးဆုံးလုပ်ငန်းရှင်တွေကို ခေါ်ယူအသိပေးညိနှိုင်းပြီးမှ ကိုင်တွယ်လုပ်ဆောင်တာမျိုးဆိုရင် လုပ်ငန်း ရှင်ရော စားသုံးသူအတွက်ပါ ပိုအကျိုးမရှိနိုင်ဘူးလား။ ပြဿနာဖြေရှင်းဖို့ ပိုကောင်းတဲ့အဖြေနဲ့မနီးစပ်နိုင်ဘူးလား။

အခုလို ခြုံခိုတိုက်ခိုက်တဲ့နည်းနဲ့ သတင်းစာထဲ ကောက်ကာငင်ကာထည့်လိုက်တာဟာ Due Process of Law ဆိုတဲ့ မျှတတဲ့ လုပ်ထုံး လုပ်နည်းအဆင့်ဆင့်တွေနဲ့ အတော်လေးကင်းဝေးနေသလိုပါပဲ။

ဒါကြောင့် လက်ဖက်ကို ရိုးရာဓလေ့ထုံတမ်းစဉ်လာအနေနဲ့ စားသုံးနေကြတဲ့ မြန်မာပြည်တရပ်လုံးကမိဘပြည်သူတွေ၊ လက်ဖက်လုပ်ငန်းကိုမှီခိုစားသောက်နေရတဲ့ ငါးသိန်းအထက်မှာရှိတဲ့ ပလောင်မိဘပြည်သူတွေ၊ လက်ဖက်ကို တနည်းနည်းနဲ့ မှီခိုနေတဲ့ အနည်းဆုံး တစ်သိန်းကျော်ရှိတဲ့ အညာဒေသက ဗမာလူမျိုးတွေ အတွက် ဘယ်လို လုပ်ပေးကြမလဲ … …

ဘေးဥပဒ်ကင်းတဲ့ လက်ဖက်ကောင်းကောင်းစားချင်ကြတယ်ဆိုရင်တော့ … …

Friday, 20, March 2009

No comments: