Monday, May 16, 2011

UNFC ဖက်ဒရယ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်း

ကိုဝိုင်း | တနင်္လာနေ့၊ မေလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်

(အတွင်းရေးမှူး နိုင်ဟံသာနှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ခုခံတိုက်ပွဲဝင်နေသည့် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ဖြင့် ၂ဝ၁၁ ဖေဖော်ဝါရီတွင် ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

မေလ ၉ ရက်နေ့မှ ၁၂ ရက်အထိ ကျင်းပသည့် ကြားဖြတ်အစည်းအဝေးက မူလအဖွဲ့ဝင်များထဲမှ “အခြေခံ” အဖွဲ့ ၆ ဖွဲ့ကို အမာခံထားကာ ပြန်ဖွဲ့လိုက်သည်။ ကျန် ၆ ဖွဲ့မှာမူ ဆက်စပ်အဖွဲ့အစည်းများအဖြစ်သာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အဖွဲ့အတွင်းရေးမှူး နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့ ပါဝင်သည့် ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ CEFU ဖွဲ့စည်းခဲ့ကြပြီးနောက် နောက်ထပ် တိုင်းရင်းသား ၆ ဖွဲ့ ထပ်ပေါင်းကာ UNFC ဟု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

အကြောင်းစုံကို သိနိုင်ရန် နိုင်ဟံသာကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။


၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ UNFC ရဲ့ ဦးဆောင်မှု အစည်းအဝေးမှာ ဘယ်အဖွဲ့တွေ တက်လဲဗျ။

‘‘၁၂ ဖွဲ့လုံးတော့ မပါဘူး။ ၉ ဖွဲ့ တက်တယ်။ ကျနော်တို့ တွက်ထားတာက ကြားဖြတ်အစည်းအဝေး အလျင်စလို လိုအပ်လို့ပါ။ သိပ်မကြာခင်မှာ အဖွဲ့ပေါင်းစုံပါဝင်တဲ့ အစည်းအဝေးမျိုးကို ထပ်ခေါ်ဖို့ ရှိတယ်လေ။ အခြေခံ အဖွဲ့အစည်းက ၆ ဖွဲ့၊ နောက် ကချင်အမျိုးသားအဖွဲ့ KNO၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA တက်တယ်။ အထူးသဖြင့် အရင် ဗဟိုအလုပ်အမှုဆောင်မှာ ပါတဲ့လူတွေ၊ NUPA ကိုတော့ ပြည်နယ်ကို ကိုယ်စားပြုတဲ့ အဖွဲ့တခုအနေနဲ့ ဖိတ်လိုက်တာပါ’’

UNFC ရဲ့ ဖွဲ့စည်းပုံကို ပြန်ပြင်တယ်လို့ သိရပါတယ်။ ဘယ်အချက်တွေများ ပြင်ဆင်လိုက်တာလဲ။

‘‘ပြင်ဆင်ဖွဲ့စည်းတာက အဖွဲ့ဝင်တွေထဲက အခြေခံအဖွဲ့အစည်းတွေနဲ့ ဝန်းရံတဲ့ အဖွဲ့အစည်း ဆိုပြီးတော့မှ ကျနော်တို့ နှစ်မျိုးထားတယ်လေ။ ဝန်းရံပါဝင်တဲ့ ဆက်စပ်ပူးပေါင်းတဲ့ အဖွဲ့အစည်းပေါ့ဗျာ။ ရှေ့ဆောင်နိုင်ငံရေးပါတီ အခိုင်အမာရှိတဲ့ အဖွဲ့အစည်းတွေ၊ နောက် လက်နက်ကိုင်တပ်မတော် အခိုင်အမာရှိတဲ့ အဖွဲ့တွေ၊ အခြေခံနယ်မြေရှိတဲ့ အဖွဲ့တွေ၊ အခြေခံ ပြည်သူလူထုရှိတဲ့ အဲဒီအဖွဲ့တွေကို အခိုင်အမာထားပြီးတော့ပေါ့ဗျာ။ တဖက်က အခြေခံအချက်အလက်မှာ သိပ်မပြည့်စုံတဲ့ အဖွဲ့တွေကို ဆက်စပ်ပူးပေါင်းတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းထားတယ်ခင်ဗျ’’

အရင်တုန်းက အမျိုးသားရေးအခြေခံ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းကို အခြေခံတဲ့အမြင်နဲ့
ပြည်နယ်ကို အခြေခံတဲ့အမြင် နှစ်ပိုင်းဖြစ်နေတဲ့ ကိစ္စတွေနဲ့ရော သက်ဆိုင်ပါသလား။

‘‘အခြေခံ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့ အဖွဲ့တွေကို နည်းနည်း အဓိကထားပြီးတော့ ပြင်ဆင်ဖွဲ့လိုက်တဲ့ သဘောပေါ့ဗျာ။ လုပ်ငန်းကို ပူးပေါင်း အကောင်အထည်ဖော်တဲ့ နေရာမှာ နိုင်ငံရေးအရရော၊ စစ်တပ်အရရောပေါ့ဗျာ၊ အဲဒါတွေရှိမှ၊ အခြေခံအချက်အလက်တွေနဲ့ ပြည့်မှ လုပ်ဆောင်ကြရင် အလုပ်တွင်မယ်ဆိုတဲ့ သဘောပေါ့ဗျာ။ တချို့အဖွဲ့တွေက အဲဒါတွေနဲ့ မပြည့်စုံတော့ လုပ်ငန်းမှာ မတွင်ကျယ်ဘူးဆိုတဲ့ သဘောမျိုးနဲ့ အခြေခံကျတဲ့ အင်အားစုတွေကို စုလိုက်တဲ့ သဘောပေါ့လေ’’

ဖေဖော်ဝါရီလ တိုင်းရင်းသားလူမျိုးများ ညီလာခံတုန်းက UNFC မှာ ဘယ်အဖွဲ့တွေ ပါဝင်ပါသလဲ။

‘‘စုစုပေါင်း ၁၂ ဖွဲ့ပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO၊ ချင်းအမျိုးသားတပ်ဦးCNF ’’

အခုလ ကျင်းပခဲ့တဲ့ UNFC ရဲ့ အစည်းအဝေးကနေ အဖွဲ့ဝင်တွေကို ဘယ်လို ပြန်သတ်မှတ်ထားလဲဗျ။

‘‘အခြေခံ ၆ ဖွဲ့မှာ KNU၊ NMSP၊ KNPP၊ KIO၊ SSPP နဲ့ CNF ပါတယ်။ ကျန်တာတွေက ဆက်စပ်အဖွဲ့ဝင်တွေပေါ့ဗျာ’’

UNFC ရဲ့ ဦးဆောင်မှုပုံစံကို ဘယ်လိုရေးဆွဲထားပါသလဲ။

‘‘UNFC ကောင်စီနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ။ ကောင်စီဆိုတာက လောလောဆယ်အားဖြင့်ကတော့ အခြေခံ ၆ ဖွဲ့ထဲက တဖွဲ့ကို အနည်းဆုံး ၂ ဦး၊ အများဆုံး ၄ ဦး ရွေးပြီးတော့ ပို့ရတယ်။ အဲဒါကို ကောင်စီဝင်အနေနဲ့ သတ်မှတ်တယ်။ ဗဟိုကော်မတီ သဘောပေါ့ဗျာ။ အခုက ၂၂ ယောက်ပဲ ရထားတယ်။ အဲဒီထဲကမှ ၉ ဦးကို ဗဟိုအလုပ်အမှုဆောင် - CEC အဖြစ် ရွေးပြီးပြီ’’

အဲဒီ ဦးဆောင်မှုမှာ ဆက်စပ်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေရောပါလား။

‘‘ဖေဖော်ဝါရီ ညီလာခံတုန်းက အဲဒီအဖွဲ့တွေထဲမှာ အနည်းဆုံး တဦးနဲ့ အများဆုံး နှစ်ဦး ပေးထားတဲ့ စာရင်းအရ အဲဒီလူတွေ ပြန်ပါလာတယ်။ သူတို့က CEC ထဲမှာတော့ တင်းပြည့်အနေနဲ့ မပါဘူးပေါ့ဗျာ။ ဒုတာဝန်ခံတွေအနေနဲ့ ပါလာတယ်။ သိပ်မကြာခင်မှာ ကောင်စီအစည်းအဝေးခေါ်ဖို့ ရှိတယ်။ အဲဒီအခါကျတော့ ဆက်စပ်အဖွဲ့အစည်းတွေထဲက ပုဂ္ဂိုလ်တွေ ပိုပြီး တိတိကျကျ ပါလာအုံးမယ်လေ။ ကောင်စီထဲမှာ သူတို့လည်း ပါမှာပါ။ သဘောကတော့
လောလောဆယ် ပြင်ဆင်တဲ့ ၂၂ ဦးထဲမှာ မပါသေးဘူး။ အရင်က သူတို့ပေးထားတဲ့ လူတွေကို ကျနော်တို့ အားလုံး အသိမှတ်ပြုတယ်လေ’’

SSPP က ရှမ်းပြည်နယ်တခုလုံးကို ကိုယ်စားပြုအဖွဲ့ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပါတယ်။ အဲဒီကိစ္စကို ပြောပြပေးပါ။

‘‘အဲဒါက SSPP နဲ့ ရှမ်းပြည်ထဲမှာရှိတဲ့ တခြားအင်အားစုတွေ အကြားမှာ နားလည်မှုယူကြဖို့လည်း သဘောထား ရှိပါတယ်။ သူတို့အချင်းချင်း ပူးပေါင်းပြီးတော့ ဘယ်လိုဖွဲ့စည်းမလဲဆိုတာ ဆွေးနွေးသွားကြရမယ့် အနေအထားတွေ ရှိပါတယ်’’

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းပြီးပြီ၊ အဲဒီတပ်ကို KNU ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုးက ဦးဆောင်မယ်လို့ သိရပါတယ်။ နည်းနည်းရှင်းပြပေးပါ။

‘‘အဖွဲ့ဝင်တွေရဲ့ တပ်တွေ အားလုံးပါဝင်တယ်ဗျ။ သီးသန့်အဖွဲ့ကြီးတခု မဟုတ်ပါဘူး။ စစ်ဦးစီးအဖွဲ့မှာ ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုးက ကာကွယ်ရေးဌာန တာဝန်ခံ၊ စစ်ဦးစီးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ပေါ့ဗျာ။ စစ်ဦးစီးအဖွဲ့ထဲမှာ အဖွဲ့ဝင်တွေရဲ့ ဦးစီးချုပ်နဲ့ ဒုဦးစီးချုပ် တဦးဦးပေါ့ဗျာ၊ ပေးထားတဲ့စာရင်းအရ အဲဒီပုဂ္ဂိုလ်တွေ ပါဝင်လာမယ်။ အရင်ကတည်းက ပြင်ဆင်လာတယ်လေ။ အခုအစည်းအဝေးမှာ အပြီးပြတ်ဖြစ်သွားတဲ့ သဘောပေါ့’’

အဖွဲ့ဝင်တွေရဲ့တပ်တွေ ပေါင်းလိုက်ရင် စုစုပေါင်း အင်အား ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းပါလဲ။

‘‘ပြောရတာခက်တယ်။ အရံတပ်တွေလည်း ပါသေးတယ်။ သောင်းဂဏန်းဘယ်ကမလဲ’’

ပြည်ထောင်စုတပ် ဖွဲ့လိုက်ပြီဆိုတော့ တွေ့ဆုံဆွေးနွေးရေးကိစ္စက အလားအလာ မကောင်းတော့ဘူးလို့ ယူဆတဲ့သဘောလား။

‘‘ကျနော်တို့ဘက်က အမြဲတံခါးဖွင့်ထားတယ်။ ပြည်တွင်းစစ်ပြဿနာကို စစ်ရေးနည်းနဲ့ချည်းပဲ ဖြေရှင်းနေလို့တော့ ပြီးဆုံးမှာ မဟုတ်ဘူး။ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ။ ဒါက နိုင်ရေးပြဿနာရဲ့ အဆက်ဖြစ်တယ်လေ။ ဒါပေမဲ့ စစ်အစိုးရက ဒါကို လက်မခံဘူး။ စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် ကိုယ့်လူထုနဲ့ ကိုယ်နယ်မြေကို ရဖို့၊ ဦးတည်ချက်အောင်မြင်ဖို့ ကျနော်တို့လည်း လုပ်သင့်တာ လုပ်ရမှာပေါ့’’

UNFC ထဲကနေ SSPP က ထွက်တယ်၊ မထွက်ဘူး သတင်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဖွဲ့ရဲ့ အတွင်းရေးမှူး တဦးအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။ SSPP က အရင် CEFU ဖွဲ့ကတည်းက တရားဝင် ပါလာတာလား။

‘‘တရားဝင် ပါခဲ့ပါတယ် SSPP ။ ထွက်တယ်ဆိုတဲ့ သတင်းက ဘယ်လိုထွက်လာမှန်း မသိပါဘူး။ SSPP အဖွဲ့ကို ကျနော်တို့ မေးကြည့်တော့လည်း သူတို့လည်း အဲဒီသတင်းကို မထုတ်ပါဘူးတဲ့။ သူတို့လည်း အဲဒီသတင်း ဘယ်လိုထွက်သွားမှန်း မသိဘူးခင်ဗျ’’

No comments: