Tuesday, May 17, 2011

တိုးတက်ပြောင်းလဲဖို့လိုတဲ့ လက်ဖက်လုပ်ငန်း



“ပလောင်ပြည်မှာ လက်ဖက်ဈေး အရမ်းကျနေတယ်။”
“လက်ဖက်ဈေးမကောင်းလို့ ၀ယ်တဲ့ကုန်သည်လည်းမရှိဘူး။”
“လက်ဖက်စက်ရုံတွေ အတော်များများပိတ်ထားတယ်။”
“လက်ဖက်ခြောက်၊ လက်ဖက်စို၊ အချိုခြောက် အားလုံးဈေးမကောင်းဘူး။”

ကြားလိုက်ရ၊ သိလိုက်ရတဲ့ ပလောင်ပြည်ကသတင်းတွေက ရင်ထဲမှာစို့နင့် ၀မ်းနည်းဖွယ်ရာ။ ကျနော်တို့ ပလောင်မိဘပြည်သူတွေ ဒီကျပ်တည်းမှုဒဏ်ကို ဘယ်လိုရင်ဆိုင်ကြမှာလဲ။

အတော်လေးကို တွေးပူပါတယ်။ လက်ဖက်လုပ်ငန်းကရတဲ့ဝင်ငွေလေးနဲ့ပဲ ခြိုးခြံချွေတာ စားသောက်နေကြရတဲ့ အမေအို အဖေအို မိဘနှစ်ပါးအတွက် သက်ပြင်းခပ်လေးလေးချမိတယ်။ ရင်ထဲမှာဘယ်လိုမှ မအေးနိုင်ပါလား။ အမေအို လိုပဲ တောင်ပေါ်ပလောင်မိသားစု အများစုက လက်ဖက်လုပ်ငန်းနဲ့ အသက်မွေးကြရတာ။

ဒီ အကျပ်အတည်းတွေကို အားလုံးကဘယ်လိုကျော်လွှားကြမလဲ။ ပြေလည်နိုင်စရာအကြောင်းတရား ဘာတွေရှိနိုင်မလဲ။ ကမ္ဘာ့စီးပွားရေးကပ် Economic Recession ကြောင့် တကမ္ဘာလုံးအကျပ်အတည်း Global crisis နဲ့ရင်ဆိုင်နေကြရတာ မဟုတ်လား။ အားလုံးက စားဝတ်နေရေးကျပ်တည်းနေကြတော့ အသက်ရှင်ဖို့အတွက် အဓိကကျတဲ့ ထမင်းနှပ်မှန်စားနိုင်ရေးကို အလျင်မှီအောင်လုံးပမ်းနေကြရတာမဟုတ်လား။

လက်ဖက်ရည်မသောက်၊ လက်ဖက်မစားပဲနေလည်း ဘာမှမဖြစ်ဘူး၊ လက်ဖက်မစားရင် မသောက်ရင် အသက်သေသွား နိုင်တဲ့အခြေအနေ မဟုတ်တော့- သိပ်ကြိုက်ပေမဲ့ ဘိုင်ဘိုင်ပဲ လက်ဖက်ရေ… ပေါ့။
ဒါကတော့ တခဏတာ လတ်တလောကြုံတွေ့ရတဲ့ လက်ဖက်ရောင်းမရတဲ့ အကြောင်းအရင်းပါ။ ကမ္ဘာ့စီးပွားရေးပျက်ကပ်က အမြဲတမ်းမဟုတ်ပါဘူး။ အားလုံးဝိုင်းဝန်ဖြေရှင်းရင်တချိန်ချိန်မှာ ပြန်ပြေလည်မှာပါပဲ။

ဒါပေမဲ့ လက်ဖက်ထွက်ကုန်တမျိုးတည်းကိုပဲ အားကိုးပြီးအသက်ဆက်နေကြရတဲ့ ကျနော်တို့ ပလောင်လူမျိုးတွေ ၂၁ ရာစု ၀င်လာကတည်းက နှစ်စဉ်နဲ့အမျှ လက်ဖက်ပြဿနာ ကြုံတွေ့နေကြရတာမဟုတ်လား။

မိုးလိုသလောက်မရွာလို့။ ရာသီဥတုဖောက်ပြန်လို့။
လက်ဖက်အထွက်အဆမတန်လျော့နည်းလာလို့။
စားဝတ်နေရေးကျပ်တည်းတာကြောင့် လက်ဖက်အ၀ယ်မလိုက်လို့။
လက်ဖက်ဝယ်တဲ့ကုန်သည်မရှိလို့။ ဈေးကွက်မရှိလို့။ ဈေးကွက်ထိန်းချုပ်ထားလို့။
စတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ တခုမဟုတ် တခုခု နှစ်စဉ်ကြုံတွေ့နေကြရတာပါ။

ဘယ်လိုအကြောင်းပြချက်တွေပဲဖြစ်နေပါစေ သေချာတာကတော့ လက်ဖက်တောင်သူပလောင်တွေ ဒုက္ခပိုရောက်တာပါပဲ။ အရင်တုန်းကဆို လက်ဖက်ထွက်ကုန်တမျိုးတည်းနဲ့ ကျနော်တို့ညီအစ်ကို ရှစ်ယောက်ကို ကောင်းကောင်းမွန်ပညာသင် နိုင်အောင် မိဘနှပါးကလုပ်ပေးနိုင်ခဲ့ပါတယ်။ အခြား လက်ဖက်တောင်သူပလောင်တွေလဲ အဲဒီလိုပဲ လက်ဖက်ဝင်ငွေ တမျိုးတည်းနဲ့ စားဝတ်နေရေးချောင်လည်တဲ့အပြင် အိမ်ကြီးတွေ ခိုင်ခိုင်မာမာ ဆောက်လုပ်နေထိုင်နိုင်တယ်။ ဆန်ရေစပါး အလျှံပယ်ပေါကြွယ်တယ်။ ငွေဒင်္ဂါးအပြည့်ထည့်ထားတဲ့ တင်းတောင်းကြီးကို တချက်တည်းမနိုင်တဲ့သူ အလကားပေးမယ် ဆိုပြီး ကြွားလုံးထုတ်တဲ့ ပလောင်လက်ဖက်သူဋ္ဌေးတွေ ပေါခဲ့တယ်။

ဒီကနေ့ ကျနော်တို့ခေတ်ကြမှ လက်ဖက်တောင်သူတွေ ကြွေးမီးပူဖြစ်ပြီး ပြင်ပလုပ်ငန်း မကျွမ်းကျင်တဲ့ နေရာဒေသတွေမှာအလုပ်ထွက်ရှာ လုပ်နေကြရပါတယ်။
ဒီ ဒုက္ခ၊ ဒီအကြောင်းတရားက ဘယ်ကစတာလဲ။ ဘာဖြစ်လို့ဒီလိုဖြစ်တာလဲ။ စဉ်းစားကြည့်ချင်ပါတယ်။ ဒါမှ ပြဿနာကို ဖြေရှင်းဖို့ကြိုးပမ်းရင် ပိုလွယ်မယ်မဟုတ်လား။

လူကြောင့်ဖြစ်တဲ့ ကပ်ဒုက္ခ။
သဘာဝဘေးဒဏ်ကြောင့် ဖြစ်တဲ့ ကပ်ဒုက္ခ။
ကျနော်တို့ ကြုံတွေ့နေရတာ ဒီနှမျိုးစလုံးသော ကပ်ဒုက္ခတွေပါမယ်ထင်တာပါပဲ။


လူကြောင့်ဖြစ်တဲ့ ကပ်ဒုက္ခ

လူကြောင့်ဖြစ်တဲ့ ကပ်ဒုက္ခမှာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ လူတွေ၊ တနည်းအားဖြင့် အာဏာရှင်အုပ်စုတခုရဲ့ လုပ်ရပ်ကြောင့် ကျနော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကြီး အားနည်းချို့ယွင်းသွားရတာမျိုးပါ။ အာဏာရှင်လူပုဂ္ဂိုလ်တစုက လက်ဖက်ဈေးကွက်တွေ လက်ဝါးကြီးအုပ်ထားမယ်။ ရောင်းဝယ်စီးဆင်းမှုတွေကန့်သတ်ထားမယ်။ ရင်းနှီးမြုပ်နှံမှုတွေ ကန့်သတ်တာ လက်ဝါးကြီးအုပ်ထားတာဖြစ်တယ်။ နိုင်ငံတကာဈေးကွက်တွေမရှာနိုင်အောင် ပိတ်ပင်ထားတာ၊ တဆင့်မြင့် ထုတ်ကုန်တွေဖန်တီးဖို့အခွင့်အလှမ်း ပိတ်ပင်တာ၊ ခွင့်မပြုတာ၊ ကူညီလမ်းဖွင့်ပေးခြင်းမပြုလုပ်တာတွေပါမယ်။

အခု ကျနော်တို့ရင်ဆိုင်နေရတဲ့ မလိုချင်ပေမဲ့လက်ခံနေရတဲ့ အစိုးရနဲ့ အစိုးရရဲ့ စီးပွားရေးပေါ်လစီ၊ စံနစ်တွေဟာ အပေါ်မှာ ပြောခဲ့သလို မှားယွင်းမှုတွေကြောင့် ကျနော်တို့ရဲ့ လက်ဖက်လုပ်ငန်းကြီးဟာ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သေးပဲ ဆင်းရဲကပ်ဒုက္ခနဲ့ ရင်ဆိုင်နေကြရတာပါ။

လက်ဖက်ကနေ အချိုရည်၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ဆေး၊ အလှကုန် စတဲ့ အခြားကုန်ပစ္စည်းအဖြစ် အမျိုးမျိုးထုတ်လုပ်နေတဲ့ တရုတ်နဲ့ ထိုင်း အိမ်နီးနားချင်းမှာလက်ဖက်ခြံပိုင်ရှင်တွေဟာ ကြီးပွားတိုးတက်ကုန်ပါပြီ။ ကျနော်တို့ပလောင်ကသာ လက်ဖက်လုပ်ငန်းနဲ့ ဆင်းရဲတွင်းထဲမှာ အောင်းနေရဆဲဖြစ်တာပါ။ ကျနော်တို့ကော အဲဒီလို ကုန်ပစ္စည်းဆန့်ထွင်ထုတ်လုပ်နိုင်စွမ်း မဖန်တီးနိုင်ဘူးလား။ ဖန်တီးခွင့်မရှိဘူးလား။ အားပေးသူမရှိဘူးလား။ ဒါတွေ ဖန်တီးလို့ ဈေးကွက်ဝင်သွားရင် အခွန်ကောက်မဲ့သူကဘယ်သူလဲ။

ကျနော်တို့ဟာ လောလောဆယ်နိမ့်ကျနေသေးလို့ မဖန်တီးနိုင်ရင်တောင် ကျနော်တို့ထွက်ကုန်တွေကို ကုန်ကြမ်းအဖြစ် ဈေးကွက်မြင့်တဲ့ တရုတ်၊ ထိုင်း တို့ဆီကိုမပို့နိုင်တာဘာကြောင့်လဲ။ ဘာအပိတ်အပင်အတားအဆီးတွေရှိနေသလဲ။ ကျနော်တို့ ဒါတွေ ရင်ဆိုင်ဖြေရှင်းကျော်လွှားကြရမှာဖြစ်ပါတယ်။

ကျနော်တို့ လက်ဖက်လုပ်ငန်းဟာ ရှေးနှစ်ဟောင်းများစွာတုန်းကလို သမရိုးကျ လုပ်စားလို့မရတော့ပါဘူး။ လက်ဖက်ကုန်ကြမ်းထုတ်ပြီး အချောသတ်တာက အောက်ပိုင်းငွေကြေးရှင်တွေဖြစ်တော့ ချမ်းသာအကျိုးရှိတာ ပလောင်လူမျိုးမှာ ပမာဏအတော်နည်းပါတယ်။
ပြီးတော့ အခြားလမ်းပန်းဆက်သွယ်ရေးလွယ်ကူတဲ့ နေရာဒေသတွေမှာလည်း လက်ဖက်တွေစိုက်ပျိုး ထုတ်လုပ်လာနိုင် တာမို့ ပြိုင်ဆိုင်မှုကြီးလာပါတယ်။ ရေရှည်မှာ လမ်းပန်းဆက်သွယ်ရေးခက်တဲ့ ကျနော်တို့တောင်ပေါ်လက်ဖက်တွေဟာ နောက်ကောက်ကျပြီး၊ အခုလိုပဲ ၀ယ်သူနည်းလာပါမယ်။ အရည်အသွေးအားဖြင့် လက်ဖက်ကောင်းလို့ဆိုပေမဲ့ အရေအတွက်များများနဲ့ ဈေးသက်သက်သာသာထုတ်ပေးနိုင်တဲ့ လက်ဖက်စိုက်ကွက်သစ်တွေဟာ လက်ဖက်ဈေးကွက်ကို လက်ဝါးကြီးအုပ်လာတော့မှာဖြစ်တယ်။ ကျနော်တို့ ဒီကိစ္စအတွက် ပြင်ဆင်မှုကောင်းကောင်းလိုအပ်ပါတယ်။

လူကြောင့်ဖြစ်တဲ့ ကပ်ဒုက္ခ၊ စံနစ်ကြောင့်ဖြစ်တဲ့ ကပ်ဒုက္ခကိုရင်ဆိုင်ဖို့ကတော့ နိုင်ငံရေးစံနစ်တွေပြောင်းရမယ်။ စီးပွားရေးပေါ်လစီတွေ ပြင်ရမယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ရမယ်။ ဈေးကွက်လွတ်လပ်မှုနဲ့ လက်ဝါးကြီးအုပ်မှုတွေကို ကာကွယ်ထိန်းညှိနိုင်တဲ့ ဥပဒေစည်းမျဉ်းတွေထားရမယ်။ စွန့်ဦးတီထွင်ဖန်တီးမှုတွေ အားပေးရမယ်။ရင်းနှီးမြုပ်နှံမှုတွေ လမ်းဖွင့်ပေးရမယ်။ စတဲ့ပြုပြင်စရာတွေအများကြီးပါ။

သဘာဝဘေးဒဏ်ကြောင့် ဖြစ်တဲ့ ကပ်ဒုက္ခ

သဘာဝဘေးဒဏ်ကြောင့် ဖြစ်တဲ့ ကပ်ဒုက္ခ။ ဒီကပ်ဒုက္ခရဲ့ မူလအစရေစီးကြောင်းဟာလည်း ကျနော်တို့လူသားတွေပါပဲ။ သဘာဝပတ်ဝန်းကျင်ကို ဖြုန်းတီးဖျက်ဆီးပစ်တာ ထိန်းသိမ်းခြင်းမရှိတာတွေကြောင့် ဆိုးရွားတဲ့ရာသီဥတု ဖောက်ပြန်မှုကို ကျနော်တို့ရင်ဆိုင်လာကြရတာပါပဲ။ ကျနော်တို့ ဒီလို ရာသီဥတုဖောက်ပြန်မှု မဆိုးရွားအောင် ကျင့်ကြံနေထိုင်ဖို့လို ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ လေ့လာဖို့၊ လက်ခံလိုက်နာဖို့လိုပါတယ်။ သက်ဆိုင်ရာကလည်း လေ့လာလို့ရအောင် ကူညီပံ့ပိုးပေးရပါမယ်။

တောမီးလောင်တာ၊ ရွေ့ပြောင်းတောင်ယာလုပ်လို့တောပြုန်းတာ၊ မီးသေးဖုတ်လို့တောပြုန်းတာ၊ ဘိန်းခြံစိုက်လို့ တောပြုန်းတာ၊ အဖိုးတန်သစ်တွေ အတိုင်းအဆမဲ့ခုတ်လို့ တောပြုန်းတာ စသဖြင့်တောပြုန်းရတဲ့အကြောင်းအရင်းတွေ အများကြီးရှိမှာပါ။ ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

သဘာဝပတ်ဝန်းကျင်ပျက်ဆီးတာ၊ ရာသီဥတုဖောက်ပြန်တာတွေဟာ ကျနော်တို့ ပလောင်ဒေသတခုတည်းမဟုတ်ပါဘူး။ ကမ္ဘာတလွှားနေရာတိုင်း ရေကြီးလိုက်၊ ပြင်းအားကြီးငလျှင်လှုပ်လိုက်၊ အပူလိုင်းကျလိုက်၊ အအေးလိုင်းကျလိုက် ဗြောင်းဆန်အောင် ဒုက္ခရောက်ကြရတာမဟုတ်လား။

ဒီတော့ ကျနော်တို့လက်ဖက်လုပ်ငန်းကို လက်ဖက်စိုက်ပျိုးတဲ့အလုပ်ကို မိရိုးဖလာစိုက်ပျိုးခဲ့တဲ့နည်းနဲ့တော့ မရတော့ဘူး ဆိုတာ တဖြေးဖြေးသေချာလာပါပြီ။ မိုးနဲတဲ့အခါ လိုအပ်တဲ့ မိုးရေရအောင် ဘယ်လိုဖန်တီးကြမလဲ။ မိုးများနေရင်ကော၊ မြေဆီလွှာတွေမပြုန်းတီးအောင်ဘယ်လိုထိန်းသိမ်းမလဲ။ စသဖြင့် ရာသီဥတုကို အန်တုနိုင်တဲ့နည်းလမ်းတွေရှာဖို့ လိုပါတယ်။

တောင်တန်းတွေပေါ်မှာ လက်ဖက်ပျိုးပင်တွေကို တပင်ချင်းလျှောက်စိုက်နေတာထက် မြေဆီလွှာကိုထိန်းနိုင်တဲ့ အတန်းလိုက်စိုက်ပျိုးနည်းတွေ စမ်းကြည့်ဖို့လိုပါတယ်။ ပြီးတော့ လက်ဖက်ကို ၁၂ ရာသီလုံး ပုံမှန်ထွက်နေအောင် ဘယ်လိုလုပ်မလဲ စဉ်းစားဖို့လိုပါတယ်။

တိုးတက်ပြောင်းလဲမှုများစွာလိုအပ်တဲ့ လက်ဖက်လုပ်ငန်း

လက်ဖက်လုပ်ငန်းဟာ ကျနော်တို့ ပလောင်လူမျိုးရဲ့ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်တာမို့ ဒီလက်ဖက်လုပ်ငန်း ရှင်သန်ဖွံ့ဖြိုးနေဖို့လိုပါတယ်။ လက်ဖက်အရည်အသွေးကို ပုံမှန် ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ လက်ရှိအစိုးရက အခြားဒေသတွေမှာ လက်ဖက်လုပ်ငန်းတွေဘယ်လိုကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေပါစေ- လက်ဖက်ပဲရမယ်။
အရည်အသွေးကောင်းတဲ့ ကျနော်တို့ ပလောင်တောင်က လက်ဖက်မျိုးတော့ ရမှာမဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ ပလောင်ဒေသမှာ လက်ဖက်စိုက်ပျိုးခြင်းရဲ့ အဓိကသော့ချက်ပါပဲ။

ကျနော်တို့ရဲ့ အရည်အသွေးမြင့်တဲ့လက်ဖက်ကို လက်ဖက်ကုန်ကြမ်းကို လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းအမျိုးမျိုး အဖြစ်ပြန်လည်ထုတ်ဝေဖို့လိုပါတယ်။ လက်ဖက်ခြောက်၊ အချိုခြောက်၊ လက်ဖက်စို စသဖြင့် ရှေးရိုးရာအတိုင်းပဲ ရပ်တန့်နေလို့ မဖြစ်တဲ့ခေတ်အခြေအနေကိုရောက်နေပါပြီ။

ထုတ်ကုန်ပစ္စည်း ဆန်းသစ်မှ ကမ္ဘာတလွှားကို အနှံ့ ဈေးကွက်ဖွင့်နိုင်မှာဖြစ်တယ်။ ကျနော်တို့ရဲ့ လက်ဖက်ဈေးကွက်ဟာ မြန်မာပြည်တလျားလောက်ပဲ ဦးတည်နေတာ ယခင်ကလုံလောက်ပေမဲ့ ကနေ့အခြေအနေအရ မလုံလောက်တော့ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေ။ အာရှနိုင်ငံတွေ။ ဥရောပ၊အမေရိက စသဖြင့် ကမ္ဘာတလွှားက လက်ဖက်စားသုံးမှီဝဲသူတွေလက်ထဲ ကျနော်တို့ လက်ဖက်ထွက်ကုန်ကို အရောက်ပို့နိုင်ဖို့ ကြိုးပမ်းရပါမယ်။ ကမ္ဘာအဆင့်မှီ အရည်အသွေးတော့ရှိရပါမယ်။ ကျနော်တို့ လက်ဖက်အရည်အသွေးက စံချိန်မီအရည်အသွေးပါ။ နည်းပညာဖြည့်စွက်ချက် ပံ့ပိုးလိုက်မယ်ဆိုရင် ကမ္ဘာ့ဈေးကွက်ကို သေချာပေါက်တိုးနိုင်ပါတယ်။

ဒီတော့ ကျနော်တို့ မိရိုးဖလာ လက်ဖက်လုပ်ငန်းကို ဘယ်လိုတိုးတက်အောင်လုပ်ကြမလဲ။
ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ပလောင်နိုင်ငံရေးအဖွဲ့၊ ပလောင်လူမှုရေးအဖွဲ့၊ လက်ဖက်စီးပွားရေးလုပ်ငန်းရှင်၊ လက်ဖက်နဲ့အသက်မွေးဝမ်းကျောင်းပြုတဲ့ ပလောင်ပြည်သူအားလုံး- အားလုံးမှာတာဝန်ရှိပါတယ်။

ဖိုမ်ငါမ် (က်ုင်ဆိုရ်မျံမ်)
၁၇၊ မေ၊ ၂၀၁၁ ခုနှစ်။

No comments: