Friday, June 6, 2014

ဖထီးလို… ကျနော်လည်း သမ္မတကြီးနဲ့တွေ့ချင်တယ်…



ဖထီးလို… ကျနော်လည်း သမ္မတကြီးနဲ့တွေ့ချင်တယ်…
သမ္မတကြီးနဲ့တွေ့ဆုံမှုကို အားရကျေနပ်တယ်…
ဖထီးရဲ့အင်တာဗျူးစကား
ကျနော့်နားဝကနေ အတွေးစထဲ နစ်မျောပါသွား။

ဖထီးနဲ့ကျနော်
ကျနော်နဲ့ဖထီးမန်းငြိမ်းမောင်…
အထွေထွေအတွင်းရေးမှူး နဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး
ကျနော်တို့နှစ်ယောက်နဲ့ မဒတ တပ်ပေါင်းစု
မဒတ တပ်ပေါင်းစုနဲ့ ကျနော်တို့နှစ်ယောက်။

တိုင်းရင်းသားလက်နက်ကိုင်တွေအားကောင်းဖို့
မပြည့်မှီတဲ့ ကျနော့်ဦးနှောက်သေးသေးလေးထဲကို
ဖထီးက တော်လှန်တဲ့အတွေးခေါ်တွေ ပစ်ထဲ့
မဒတ ရုံးခန်းကျဉ်းကျဉ်းကလေးထဲက ကျနော်နဲ့ဖထီး
တော်လှန်တဲ့အတွေး… တော်လှန်တဲ့အလုပ်တွေ ပြည့်နှက်လို့။

ဖထီးတခုခုကို အာရုံစူးစိုက် စဉ်းစားတုန်း
ဘာတွေးနေသလဲ အတီး… လို့ ကျနော်မေးတိုင်း
ရန်သူပျက်စီးရာပျက်စီးကြောင်း ဘယ်လိုလုပ်မလဲ …
ဒါလေးပဲစဉ်းစားနေတာပါလို့ ဖထီးဖြေနေကျလေ။

၃ နှစ်အကြာ ခုချိန်မှာ..
ဖထီးအင်တာဗျူးတိုင်း
သမ္မတကြီးနဲ့
တပ်ချုပ်ကြီးနဲ့ တွေ့ဆုံမှုကို တကယ်အားရတယ်။
စစ်ခေါင်းဆောင်ဟောင်း မြန်မာအစိုးရက ငြိမ်းချမ်းရေးတကယ်ဖော်ဆောင်မယ်။
မြန်မာပြည် ပြုပြင်ပြောင်းလဲရေး တကယ်…။

ဖထီးရဲ့ကျနော်
ပြောက်ကျားရဲဘော် ကျနော့်အင်တာဗျူးတိုင်း
တအန်းဒေသမှာ ယမ်းငွေ့တွေဝေလို
ဖောက်ပြန်သူတွေရဲ့ အခိုင်းအစေတွေကို အမှဲ့ချွေ
မြန်မာ့တပ်မတော်သားတွေ တအန်းမြေမှာ ဝေ…ကြွေ ... နေလို့။

ဖထီးရေ…
ဖြစ်နိုင်မယ်ဆိုရင်တော့ ကျနော်လည်း
ဖထီးလိုပဲ သမ္မတကြီးနဲ့သိပ်တွေ့ချင်ပါတယ်။
တွေ့ဆုံမှုအပြီး ကျနော်လည်းအားရချင်ပါတယ်။

ဒါပေမဲ့ ဖထီးရေ…
ကျနော်တွေ့ချင်တဲ့ သမ္မတကြီးက…
သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည် …ဆိုရင်…။       

ဘုန်းကျော် (လက်ဖက်မြေ)
၁၄း၁၇ နာရီ (သောကြာနေ့)
၆၊ ၀၆၊ ၂၀၁၄။

No comments: