
အခန်း (၁)
နံနက် ၈း၄၀နာရီခန့်။
လုပ်လက်စအလုပ်များကို လက်စ သတ်လိုက်သည်၊၊ ဘောလ်ပင်တစ်ချောင်းနှင့် ကျောင်းသားကဒ် ယူပြီး အမှတ် (၃) ကားကို စောင့်နေရင်း ဆေးပေါ့လိပ်တိုကို ဆက်ဖွာနေမိသည်။ တက္ကသိုလ်ကျောင်း ပေါက်ဝ ရောက်တော့ ခန်းမဆီသို့ လမ်းဆက်လျှောက်ရသည်။ နောက်ကျနေပြီ လားမသိ။ အများသူငါ ပျားပန်းခတ်သွားလာနေဆဲမို့ နောက်မကျတန်ရာ။ Physic Department အနောက်က အခန်း ၅၃ မှာ ကျနော်ဖြေရမည့် စာမေးပွဲ ခန်းမ။ လူတော်တော်စုံနေပြီ၊ အဖြေလွာစာရွက်များ ခုံတိုင်းပေါ်မှာ။ မေးခွန်းစာရွက် မတွေ့ရသေး။ ၈း၅၅ နာရီပင် ရှိသေးသည်၊ စာမေးပွဲ စချိန်က ၉း၀၀နာရီ။
သို့သော်အားလုံးက စာဖြေနေကြပြီ။ ထုံးစံ အတိုင်းပင်။ ကျနော်လည်း ခုံပေါ်မှစာများကို တစ်ပုဒ် ချင်း အဖြေလွှာစက္ကူပေါ်သို့ ပြောင်းကူးလိုက်သည်၊၊ အောင်မှတ်သေချာဖို့ ငါးပုဒ်ပြည့်စေရန် အားစိုက်ရ တော့သည်။ မေးခွန်းစာရွက်ကို ကျနော့်ရှေ့မှာ မည် သည့်အချိန်က လာချသွားသည်မသိ။ စာကူးလို သည့်ဇောနှင့်မို့ ဂရုမစိုက်မိပါ။ Register မှာ လက် မှတ်ထိုးဖို့ ဆရာမက ပခုံးပုတ်မှ သတိထားမိသည်။ ကိုယ့်ဒုက္ခနှင့် ကိုယ်ကိုး။ ရှိစေတော့၊ ဝေထားသည့် မေးခွန်းစာရွက်ကိုဖတ်ပြီး၊ ကျနော်ကူးထားသည့် အ ဖြေလွှာကို မေးခွန်းပါ နံပါတ်အတိုင်း တပ်လိုက်သည်။ သို့ဆိုလျှင် ယနေ့အတွက် အောင်မှတ်ကသေချာပြီ။ ၁၀း၀၀ နာရီမထိုးသေး၊၊ မေးခွန်းအားလုံး ၈ ပုဒ်၊၊ ဖြေရမည်က ၆ ပုဒ်ပင်။ ဖြေဆိုရမည့်မေးခွန်းကိုကြိုတင် သိရသည်မှာ ကျနော်တို့လက်ခံနေရသည့် ခေတ်သစ် ပညာရေးပင်။ ကျနော်က ကြိုတင်သိထားသော မေးခွန်း၏ အဖြေကိုခုံပေါ်တွင် ငါးပုဒ်တင်ထားသည်၊ ခဲရာ ခဲဆစ်မဟုတ်ပါ၊၊ စာသင်ခန်းအနီး ကွမ်းယာရောင်းသည့်ရှစ်တန်းကျောင်းသူမလေးကို ၂၀၀ ကျပ် ပေး ပြီးကူးခိုင်းလျှင် အဆင်ချောပြီ။
ကျနော်တစ်ယောက်တည်း ဤသို့လုပ်နိုင် သည်လား။ မဟုတ်ပါ။ တစ်ခန်းလုံး၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအားလုံး ဤကဲ့သို့ အခွင့် အရေးရှိသည်။ နအဖ၏ ပညာရေးပေါ်လစီအရ လူငယ်များဘွဲ့ရလက်မှတ်ရရှိရေးလမ်းစဉ်။ ဒါပေသည့် ခပ်မြန်မြန်တော့မဟုတ်။ ၂ နှစ်မှတစ်ကြိမ်၊ တစ်ကြိမ် တွင် အနီးကပ်ဆယ်ရက်။ စာကြည့်ချိန် ငါးရက်ပိတ်၊ စာမေးပွဲဖြေ။ ဤသို့ဆိုလျှင် ကျနော့်တက္ကသိုလ် ကျောင်းသားဘ၀ တစ်နှစ်အောင်မြင်စွာကုန်ဆုံးပြီ။ နှလုံးသား ဇာတ်လမ်းတစ်ပုဒ်ပင် ဖန်တီးရန် အချိန် မရလိုက်ပါ၊၊
စာမေးပွဲဖြေချိန်(စာကူးချိန်)၉း၀၀နာရီမှ ၁၂း၀၀ နာရီဆိုသော်လည်း ဆယ်နာရီခန့်တွင် အား လုံးနီးပါး စာကှုးပြီးကြပြီ၊၊ အခန်းထဲတွင် ဆက်ထိုင် လျှင် ဆူညံနေ၍ ဆရာကထွက်ခွင့်ပြုပြီ။ ယနေ့ကျနော် (Fourth year law) နောက်ဆုံးနေ့ စာမေးပွဲဖြေလို့ ပြီးပါပကောလား။ လာမည့် (Final year) တစ်ကြိမ်ပြီး လျှင် L.L.B(copy) ဘွဲ့ကို အဝေးသင်တက္ကသိုလ် (မန္တလေး)က ကျနော့်အား ထိုက်တန်စွာ ချီးမြင့်ပါလိမ့်မည်၊၊ ဤသို့ပင်စိတ်ကူးဖဲရိုက်ရင်းကျောင်းပေါက်ဝ ယူနီစံ လက်ဖက်ရည်ဆိုင်ရှေ့ ရောက်မှန်းမသိရောက်လာသည်။
“ဟေ့ ပလောင်အိုက်ထူး၊ စာကူးလို့ ကောင်းလား”
အံ့အားသင့်သွားသည်။ မျိုးညွန့်ဝင်း၊ နအဖကောင်းမှုနဲ့ သြစတြေးလျ ကနေ အရှင်လတ်လတ် ပြန်လာတဲ့ကောင်။
“ဟလို မျိုးညွန့်ဝင်း။ How are you လုပ်ပါ။ မင်း နိုင်ငံခြားကနေတောင် ငါစာကူးတာ သိတယ်နော်။ ငါတို့အဝေးသင်ကျောင်းသား သတင်း တယ်မွှေးပါလား။ ခုမှငါ့ကိုယ်ငါ ဂုဏ်ယူစရာ ကောင်းမှန်း ငါသတိထားမိတယ်”
“ပန်းသတင်း လေညင်းဆောင်၊ မင်းတို့ သတင်း အတင်းအဖျင်းဆောင်လေကွာ၊၊ ပြည်သူကို ဒုက္ခပေးမယ့် ရှေ့နေလောင်း ချိန်ဘာဆင်းဖို့ကြိုတင် ပြင်ဆင်ပြီးပြီလား”
“ချိန်ဘာ မဆင်းတော့ဘူးလေကွာ။ နိုင်ငံတော် အရေးပေါ်စီမံမှုအက်ဥပဒေထုတ်တဲ့ ဌာန မှာပဲ အလုပ်ဝင်ပြီး ပြည်သူကို ကောင်းကောင်း ဒုက္ခ ပေးတော့မယ်လေ ဟဲဟဲ”
စာကူးခန်းတွင် တစ်ဘ၀စာအတွက် စာကူးရသည်မှာ ပင်ပန်းလာသလောက် အပေါင်း အသင်းဟောင်းနှင့်တွေ့တော့ စိတ်တွေနုပျိုလန်း ဆန်းသွားသည်။
“ငါညတုန်းကမှ ပြန်ရောက်တာကွ၊ မင်း ဆီလာမလို့ပဲ။ မင်းစာမေးပွဲရှိမှန်းသိလို့ ပြီးတော့ ငါလည်း အိပ်ချင်တာနဲ့ မင်းဆီမလာဘဲနေတာကွာ”
“ဟာ အဲဒါ မင်းအခွင့်အရေးတစ်ခု ဆုံးရှုံး တာပဲကွ။ မင်းငါ့ဆီလာလည်ရင် တို့အဝေးသင် ကျောင်းက မီးပုံပွဲမှာ ၀င်နွှဲလို့ရတယ်၊၊ အဲဒီအတွေ့အ ကြုံကို မင်း သြစတြေးလျ မှာ မရနိုင်ဘူးကွ”
“တယ်ညွှန်းပါလားကွ။ ဆိုစမ်းပါဦး ဘယ် လောက်များကြီးကျယ်တဲ့ Party လဲကွာ”
“ဒီလိုကွ ငါတို့စာမေးပွဲရက်အတွင်း ညတိုင်း မီးပုံပွဲရှိတယ်ကွ။ မီးပုံပွဲမှာဝင်မနွှဲရင် တစ် နှစ်အောက်သွားမယ် ကိုယ့်အဖြေလွှာ စာရွက်ထဲမှာ ဘာမှကူးထည့်နိုင်မှာ မဟုတ်ဘူးကွ”
“ဟာ စိတ်ဝင်စားစရာပါလား ။ အသေး စိတ် လုပ်ပါဦးကွာ”
“ညနေ ၅ နာရီလောက်ကစပြီး ငါတို့ စာဖြေမယ့်အခန်းက ကိုယ့်စားပွဲခုံဆီ သွားကြတယ်။ အဲ့ဒီ ခုံကို ချွတ်ဆေးနဲ့ ဒါမှမဟုတ် ကော်ဖတ်နဲ့ တိုက်လိုက် တာပေါ့ကွာ၊ နည်းအမျိုးမျိုးနဲ့ပေါ့။ ပြီးရင်မနက်ဖြန် ကိုယ်ဖြေမယ့်စာကို ခုံပေါ်ကူးကြတာပေါ့။ အေးအေး ဆေးဆေးနဲ့ကူးတယ်ဆိုတော့ ညကိုးနာရီလောက်မှပြီးတယ်”
“ဟာ ကျောင်းအာဏာပိုင်က ဘာမှမ ပြောဘူးလား၊ အရေးမယူဘူးလားကွာ”
“နအဖ ပညာရေးစနစ်မှာ ဘွဲ့ရလူငယ်တွေ ပေါက်ဖွားရေးလေကွာ။ ၂ နှစ်လောက်မှာ ကျောင်း တစ်ခါဖွင့်တယ်၊ ဖွင့်တော့လည်း ဆယ်ရက်အနီးကပ်ပဲ စာသင်တာကွ။ နောက်ပြီးစာတွေက နည်းတာမှ မဟုတ်ဘဲ၊ မင်းလည်းသိမှာပေါ့။ ကျောင်းသားတွေ စာ ဘယ်ကျက်နိုင်မလဲ၊ ဒီအခွင့်အရေးကို ပိတ်ပင်ရင် ကျောင်းသား ဆူပူအုံကြွမှုတွေ ဖြစ်မှာပေါ့နော်”
“မင်းတို့ အဝေးသင်ပညာရေးက ဘွဲ့ရဖို့တကယ်လွယ်ပါလား”
“အေးပေါ့ကွာ ဒါငါတို့ကံပေါ့။ ဒါကိုပဲငါတို့ လူငယ်သဘာဝ ပျော်အောင်လုပ်ရတယ်။ ကျောင်းဆောင် ကမီးဟာ မီးအမည်ခံရုံသာ လာတာမို့ ငါတို့ ဖယောင်းတိုင်သုံးရတယ်။ မီးထွန်းပွဲတော်တစ်ရပ် ပေါ့ကွာ။ စာကူးတဲ့လူက စာကူး၊ ဂီတာတီး သီချင်း ဆိုသူက ဆို၊ ပျော်ဖို့သိပ်ကောင်းတဲ့ ‘မီးပုံခုံကညစ် ရေးခြစ်ပွဲ’ ဆိုပါတော့ကွာ”
မျိုးညွန့်ဝင်း တဟားဟားနှင့်ရယ်ကာ၊ တစ် ခုခု ကိုစဉ်းစားနေဟန်တူသည်။
“ငါတို့နိုင်ငံမှာ လူငယ်တွေရဲ့ပညာရေး အနာဂတ်၊ ငါတို့နိုင်ငံရဲ့အနာဂတ်ဟာ ရင်လေးစရာ ပါလား အိုက်ထူး”
“အိုကေ မင်းတို့လို နိုင်ငံတော်ရဲ့နိုင်ငံခြား ပညာတော်သင်အဖြစ် ပညာသင်ခွင့်ရခဲ့တဲ့လူငယ်က ကျန်ခဲ့တဲ့ငါတို့ကို နားလည်တာ ဂုဏ်ယူစရာပဲ။ ဒါနဲ့ စကားမစပ် သူငယ်ချင်းက ခုနိုင်ငံခြားပြန်ပညာသင်ဆို တော့ ဘယ်ဌာနမှာ အလုပ်ဝင်မှာလဲ။ နဂိုမိခင်ဌာန စက်ရုံပဲလား၊ နောက်တစ်ခေါက်ထပ်ထွက်ဦးမှာလား”
“အေးကွာ ငါဒီမှာတစ်ပတ်နားခွင့်ရတယ်။ ပြီးရင်မိခင်ဌာနမှာပဲ တာဝန်ထမ်းဆောင်ရမယ် ဆိုပါတော့။ ဒါပေမယ့် တစ်နှစ်ခွဲပဲကွာ၊ လက်တွေ့ ဆင်းတဲ့ သဘောပေါ့။ ပြီးရင်ငါ US (သို့မဟုတ်) UK ထပ်သွားဖို့စီစဉ်ထားတယ်”
“ဂုဏ်ယူပါတယ် သူငယ်ချင်း။ မင်းဘ၀ ဖြစ်တည်မှုကို ငါအားကျတယ်ကွာ”
အခန်း(၂)
လူသားဖြစ်တည်မှုအခြေခံချင်း တူညီနေပါလျက်နှင့် လူငယ်များအကြား ဖွံ့ဖြိုးတိုးတက်မှုမှာ အဘယ်ကြောင့်ကြီးမားစွာ ကွာဟနေရပါသနည်း။ လူငယ်များ တစ်ဦးချင်းကြိုးစားမှု အားနည်းနေ၍ လား။ လူငယ်များ တိုးတက် ဖွံ့ဖြိုးမှုဆိုသည်ကို မေ့ လျော့နေ၍လား။ မျှတမှုမရှိသောစနစ်ဆိုးကြီးတွင် ဖြတ်သန်းကြီးပြင်းလာရသောကြောင့် ကျနော်တို့ လူငယ်များသည် ပညာရေး အတွေးအခေါ် အသိ အမြင် ဖွံ့ဖြိုးတိုးတက်မှုမှာ တစ်ဦးနှင့်တစ်ဦး ကွာခြား လာသည်ဟု သုံးသပ်မိသည်၊၊ မဆလ၊ န၀တနှင့် နအဖ လက်ထက်တွင် လူငယ်များမှာ အစမ်းသပ်ခံ ပညာရေးသားကောင် လုံးလုံးဖြစ်ခဲ့ရသည်။ ဖြစ်နေဆဲ ရှိသည်။ သို့သော် ယင်းတို့၏အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန်အတွက်မူ နီးစပ်ရာဆွေမျိုးသားချင်း မျက်နှာကြီးနွယ်မှ လူငယ်များကို အကောင်းဆုံးဖြစ် စေရန် မြင့်တင်ပေးလျက်ရှိသည်။
နိုင်ငံအတွင်းရှိ လူငယ်အချင်းချင်း သွေးကွဲ စေရန် အမြင်မတူကွဲပြားစေရန် ဖန်တီးထားပေးသည်။ ဖွင့်ထားသော စက်မှုလက်မှုကျောင်းများတွင် ငွေကြေးကြွယ်ဝသူ သားသမီးများသာ Role One နေရာတွင်အမြဲရှိသည်၊၊ ပညာထူးချွန်မှုသည် အဓိက မဟုတ်တော့ပါ၊၊ သာမန်မိသားစုမှ ဆင်းသက်လာ သော ကျနော့်ကျောင်းနေဖက်သူငယ်ချင်းမှာ ပညာ ထူးချွန်၍ ဆေးတက္ကသိုလ်တွင် ပညာသင်နေရသော် လည်း စတုတ္ထနှစ်ရောက်သောအခါ နအဖတပ်တွင်းသို့ ၀င်လိုက်ရသည်၊၊ ကြီးမားသောပညာရေး စရိတ် ကြောင့် လည်းကောင်း၊ ငွေကြေးရှင်သားသမီး အရာရှိ သားသမီးများနှင့် ခွဲခြားဆက်ဆံမှုများကြောင့်လည်း ကောင်း၊ စနစ်၏တောင်းဆိုမှုအရမျှော်မှန်းသော ပညာကို ဆက်လက်သင်ကြားနိုင်ရန် နအဖ၏ သစ္စာခံ လုပ်လိုက်ရသည်။ ထိုကဲ့သို့ဖြစ်နေရသော လူငယ် ပမာဏမှာ မြောက်မြားစွာပင်။
ကျနော်နှင့် မျိုးညွန့်ဝင်း မှာ ကျောင်းနေဖက် ငယ်သူငယ်ချင်းဖြစ်သည်။ အထက်တန်းစာမေးပွဲ အောင်မြင်ပြီးနောက် ကျနော် အဝေးသင်ပညာရေးကို သာဆက်တက်ခဲ့ပြီး၊ မျိုးညွန့်ဝင်း မှာ MGTI တွင် ပညာဆည်းပူးခဲ့ရသည်၊၊ ကျောင်းပြီးသောအခါ ဦးလေးတော်သူ ဗိုလ်မှူးတစ်ယောက်က ရန်ကုန်ရှိ တပ်မတော် စက်မှုလက်မှုစက်ရုံနှင့် ဆက်စပ်ပေးခဲ့ သည်။ ထိုမှ နိုင်ငံတော်၏ ပညာတော်သင်အဖြစ် သြစတြေးလျသို့သွားရသည်။ သူ့အတွက် ပညာရေး တိုးတက်မှု လမ်းကြောင်းမှာဖြောင့်ဖြူးနေဆဲ။ အရာရှိ အရာခံ ဆွေမျိုးမရှိ ငွေကြေးလည်း မချမ်းသာသော ကျနော့်ပညာရေးမှာမူ လမ်းလျှောက်ရင်း လမ်း ပျောက်သူပမာ။
ကျနော်တို့လက်ရှိကြုံတွေ့နေရသော အဝေးသင်ပညာရေး၏ ပြဋ္ဌာန်းစာအုပ်များမှာ နိုင်ငံတကာ အဆင့်မီအောင် ပြဋ္ဌာန်းထားသည်။ ကျနော်တို့ အဝေးသင်ဥပဒေတွင် International Law, Law of Torts, Investment of Law, Conflict of Law စသဖြင့်စုံလင်လှပါပေသည်။ ပြဋ္ဌာန်း စာများမှာ လည်း အင်္ဂလိပ်ဘာသာဖြင့်သာ အဆင့် မြင့်မားစွာ ပြဋ္ဌာန်းထားသည်။ သို့သော်လည်း ကျနော့်သေတ္တာထဲတွင် သိမ်းဆည်းထားဆဲရှိသည့် ပထမနှစ်မှနောက်ဆုံးနှစ်ထိ ဥပဒေပြဋ္ဌာန်းစာအုပ်များ ကို ကြိုးစား၍ ဖတ်ကြည့်သော်လည်း “ပိုးသာကုန် မောင်ပုံ စောင်း မတတ်” ဖြစ်နေ၍ လက်လျှော့ရသည့် အကြိမ် မနည်းတော့ပါ။
၁၉၉၄ ခုနှစ်ကတည်းက အထက်တန်းစာ မေးပွဲကိုအောင်မြင်ပြီးသော်လည်း ယခုချိန်ထိ ကျနော် ကျောင်းမပြီးသေး။ ပညာရေးနှင့်ပတ်သက်၍ ဘ၀ အာမခံချက်အလျဉ်းမရှိသော ကျနော့်အနာဂတ်ကား အမှောင်ထဲလမ်းလျှောက်သူပမာ၊ စမ်းတ၀ါးဝါးနှင့်။ ကျနော့်လို ဘ၀တူလူငယ်များကား များစွာပင်။ နိမ့်ကျ နေသော ကျနော်တို့၏ ပညာရေးကို မည်သို့မြ‡င့်တင် ပေးကြမည်နည်း။ အနိမ့် အမြင့် ကွာဟမှုပမာဏ ကြီး မားနေသော ပညာရေးစနစ်တွင်လူငယ်များကိုမည်သို့ မြေတောင်မြေ‡ာက်ပေးကြမည်နည်း၊၊
နအဖ၏ခေတ်သစ် ကျွန်ပညာရေးမှသည် သခင်ပညာရေး စနစ်ဖြစ်မည့် ကျနော်တို့၏ အနာဂတ် ပညာရေးကန့်လန့်ကာကို ကျနော်တို့ကိုယ်တိုင် ဆွဲ ဖွင့်ရန်မှတပါး အခြားမရှိတော့ပြီ၊၊ ။
ဘုန်းကျော် (လက်ဖက်မြေ)
ပလောင်လူငယ်ဂျာနယ်
အတွဲ(၁) အမှတ် (၁)
မေလ ၂၀၀၂
No comments:
Post a Comment