Wednesday, December 11, 2013

တအာင်းမြေမှာ ချယ်ရီပန်းတွေပြန်ဖူးပွင့်နေပြီ … ဟိုဆီုက်ဒါင် တာဆီ


တအာင်းမြေမှာ ချယ်ရီပန်းတွေပြန်ဖူးပွင့်နေပြီ … ဟိုဆီုက်ဒါင် တာဆီ

ချယ်ရီတွေပြန်ဖူးပွင့်နေပြီ … ဟိုဆီုက်ဒါင် တာဆီ
ဒီလိုချယ်ရီတွေပွင့်တဲ့လပေါ့…
ထာတ်ကျတ်တောင်ပေါ် သတင်းမျှော်ခိုက်
မင်းကိုစစ်ခွေးတွေဝိုင်းကိုက်တဲ့ ကြေးနန်းသတင်း ငါ့ဆီဝင်ခဲ့တာလေ။

မိသားစုကိစ္စနဲ့ ခွင့်ပြန်တဲ့မင်း
လမ်းခရီးတဝက်မှာ ရန်သူနဲ့တိုးတော့…
ငါသိပါတယ်… မင်းမလိမ်လိုက်ဘူးဆိုတာလေ
ဟုတ်တယ် “ငါတအာင်းစစ်သား”
အဲသလိုပဲ ဆီုက်ဒါင်အဆီ ဖြေလိုက်တာမဟုတ်လား။

တကယ်တော့ မင်းဆီမှာ
TNLA နဲ့ပတ်သက်တဲ့အထောက်အထား ဘာမှမပါဘူးဆိုတာ ငါသိတယ်…
မင်းကိုဖမ်းစစ်တဲ့ ၅၀၂ မြန်မာစစ်သားတွေလည်းသိတယ်။
ဒါပေမဲ့ သူတို့ထဲကတယောက် မင်းကိုသိတော့…

ဒီလိုနဲ့…
မန်တုံ-နမ္မတူအကြား မန်တပ်ရွာနဘေးမှာ
မင်းကိုရက်ရက်စက်စက်…
ပလောင်သူပုန်တဲ့…
အဲဒီအချိန် ချယ်ရီပန်းတွေ ဝေနေလေရဲ့
မင်းရဲ့ တော်လှန်ရေးသွေးတွေနဲ့အတူပေါ့။

အခု ချယ်ရီတွေဝေနေပြီ ဆီုက်ဒါင်တာဆီ…
မင်းဆောက်ပေးတဲ့တဲမှာ
ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ကြား ခြုံစောင်ပါးပါးနဲ့ စာရေးနေခဲ့တဲ့ညပေါင်းများစွာကို
ကင်းလှည့်ရင်း မင်းမီးမွေးပေးလို့ ငါအနွေးဓါတ်တွေရခဲ့တာလေ။

အမှတ်ရနေဆဲပါပဲ တာဆီ…
တောင်ယာတောကပြန်လာတဲ့မင်း
လမ်းတဝက်မှာပဲ ဓါးခါးကြားထိုးပြီး တို့တပ်နဲ့အတူလိုက်လာတာလေ
မင်းမိသားစုကိုတောင် နောက်မှငါလူကြုံနဲ့အကြောင်းကြားခဲ့ရတာ။

မင်းချက်ကြွေးတဲ့ တောဟင်းတောင်ဟင်းတွေစား
အမြင့်ဆုံးတောင်တွေ ငါတို့အတူတက်ခဲ့ကြတာလေ
နမ့်လိတ်တောင်အောက် တို့စခန်းကို ရန်သူဝိုင်းပစ်တော့
ဆယ်ပိဿာကျော်လေးတဲ့ ငါ့ကျောပိုးအိတ်ကို မင်းတောင်းထမ်းတာလေ
ငါဘယ်ပေးမလဲ…
မင်းအိတ်က … မော်ဆူကာအသီး သုံးလုံး၊ အမ်22ကျည် သုံးရာ
TNT အတောင့် သုံးဆယ်၊ ပြီးတော့ ငါတို့စားသောက်ဖွယ်
အားလုံး အချိန်ပိဿာနှစ်ဆယ်…
ပြီးတော့ မင်းသေနတ်နဲ့…

နမ့်ရီချောင်းမှာ ငါးပက်
ငှက်ပျောရွက်နဲ့ဟင်းချက်စားကြတာလေ
ရန်သူမြန်မာတပ်တွေ ဆက်တိုက်ထိုးလာလို့
တို့ပြောက်ကျားတပ်တွေ တောဆက်တိုက်တိုးလိုက်ရတာ
တလကျော်ကြာမှ တို့ရိုးရာမြစ်ချဉ် ငရုပ်သီးစပ်စပ် ပလိမ်းချက်
မင်း ပါင်နျှိုးရွာကယူလာလို့ ငါမြိန်ရည်ယှက်ရည်စားခဲ့ရတာလေ။

ငါနဲ့ သုံးလကျော် ပေးဆပ်ခဲ့တဲ့
မင်းရဲ့အားလုံးသောလှုပ်ရှားမှုတွေကို
ငါတို့တော်လှန်ရေးသမိုင်းမှာ ငါမှတ်တမ်းတင်ထားပါမယ်။

ချယ်ရီတွေတကယ်ကို ပြန်ပွင့်နေပြီ တာဆီ…
တို့တအာင်းတပ်တွေ ထောင်နဲ့ချီတောင့်တင်းတာကို
တို့တအာင်းဒေသနေရာအနှံ့အပြား ခြေဆန့်နေတာကို
မင်း မသိနိုင်တော့ဘူးပေါ့…

မင်းဝိညာဉ်ကတော့ ကောင်းကောင်းကြီးသိမှာပါ ဟိုဆီုက်ဒါင်တာဆီ…
တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့တဲ့
မင်းကော… ငါ့ရဲဘော်တွေကိုပါ…
ငါ အမြဲအလေးပြုနေမှာပါ…
ငါ အမြဲသစ္စာစောင့်သိနေမှာပါ…
မင်းရဲ့မိသားစု အားလုံးရဲ့မိသားစု ငါတာဝန်သိမှာပါ…

တအာင်းမြေမှာ ချယ်ရီပန်းတွေပြန်ဖူးပွင့်နေပြီ … ဟိုဆီုက်ဒါင် တာဆီ
မင်း…
ငါတို့တည်ဆောက်တဲ့ တအာင်းပြည်မှာ
တအာင်းလူမျိုးအဖြစ် ပြန်ရှင်သန်ထမြောက်ပါလို့
ငါဦးညွတ်ပါတယ်။ ။

ဖူမ်ငါမ် (ကုင်ဆိုမျံမ်)
၉/၁၂/၂၀၁၃
၂၃း၂၀ နာရီ

No comments: