ညီလေး ညီမလေးတို့ရေ …
လူထုကိုအကျိုးပြုမဲ့ စမ်းချောင်းတစင်းဟာ
အမှိုက်သရိုက်ဒိုက်တွေ ဘယ်လိုဆီးတားလိုက်ပါ နေပါစေ
ဟန့်တားနှောင့်ယှက်ပိတ်ပင်သူတွေ ဘယ်လိုပွားများငြူစူနေပါစေ
လမ်းကြောင်းလွှဲအမြတ်ထုတ် သူတို့ဘယ်လိုလုပ်နေပါစေ
စမ်းချောင်းကလေးဟာ
အမိရင်ခွင်ကျယ်ကြီးဆီကို တသွင်သွင်စီးဆင်းလို့
အများပြည်သူကို အလုပ်အကျွေးပြုဖို့
သံစဉ်ညီညာ ကျူးရင့်ဟစ်ကြွေးနေလျှက်ပါ
တခုတော့ရှိတယ်
အဲဒီ စမ်းချောင်းကလေး
ပြည်သူ့ရင်ခွင်ထဲ တသွင်သွင်စီးဆင်းဖို့
ကမ်းပါးညီညာ လမ်းသာယာအောင်
ညစ်ထွေးအမှိုက်သရိုက် သူမလိုက်အောင်
ဟန့်တားပိတ်ပင် ရန်မီးပွားတွေ ဖြတ်ကျော်လွှားအောင်
စီးဆင်းနေတဲ့ စမ်းချောင်းတလွှားမှာ ငြိမ်းချမ်းရေးတေးတွေ အစဉ်သီကြူးနေအောင်
စမ်းချောင်းအတွင်း လိုက်ပါစီးနင်းတဲ့သူ တိုးတက်ဖွံ့ဖြိုးလာအောင်
အဆုံးမှာတော့
သန္တုသီတ၊ ၀ီရရသတွေ ဖွံ့ဖြိုးတိုးတက်မှုတွေ တအာင်းပြည်သူအားလုံးအတွက် ဆောင်ကြဉ်းပေးနိုင်အောင်
အားလုံးရဲ့ ညီညာလက်တွေနဲ့ ဖေးမမွမ်းမံကြရစမြဲပါ
ညီလေး ညီမလေးတို့ရေ
စမ်းချောင်းကလေးကတော့ စီးဆင်းမြဲပေါ့ကွယ်
အဲဒီစမ်းချောင်းကလေးကလေ
လူငယ်ဘ၀ ဖွံ့ဖြိုးတိုးတက်မှုတွေ
ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးတွေ
ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ
တန်းတူညီမျှခွင့်နဲ့ ကျား၊ မ တန်းတူခွင့်တွေ
ဖက်ဒရယ်ပြည်ထောင်စုနဲ့ ညီကိုမောင်ဘွားအတူယှဉ်တွဲနေထိုင်ရေး အသိတရားတွေ
ပညာရေးနဲ့ ကျန်းမာရေး မြင့်တင်စောင့်ရှောက်မှုတွေ
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ လူမှုဘ၀ဖွံ့ဖြိုးရေးတွေ
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတွေ
အစရှိတဲ့ ကောင်းခြင်းမင်္ဂလာ အဖြာဖြာကို
တအာင်း လူငယ်မောင်မယ် ပြည်သူဆီအရောက်
ပို့ဆောင်ပေးနေတာပါ
ဆောင်ကြဉ်း အပ်နှင်းပေးနေတာပါ
တကယ်တော့
အဲဒီစမ်းချောင်းကလေးကို
ညီလေးတို့ ညီမလေးတို့ အစ်ကိုတို့အားလုံးရဲ့
ဝီရိယဆိုတဲ့ လုံးလအားထုတ်မှုတွေ
ခန္တီးစဆိုတဲ့ သီးခံစိတ်ရှည်မှုတွေ
ဆန့်ထွက်တီထွင် တွေးခေါ်ကြံဆမှုတွေ
စွန့်လွတ်အနစ်နာခံခြင်း အရင်းအနှီးတွေ
စွန့်စားဆောင်ရွက်မှုတွေ
တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ
ရိုးသားတည်ကြည် ဖြောင့်မတ်မှုတွေ
အစရှိတာတွေပေါင်းစု
အားလုံးရဲ့ဘ၀တွေ အရင်းပြု ထုဆစ်လာကြရတဲ့ စမ်းချောင်းကလေးပါ
ညီလေး ညီမလေးတို့ရေ
စမ်းချောင်းကလေးကတော့ စီးဆင်းမြဲ စီးဆင်းလျှက်ပေါ့ကွယ်
အဲဒီလို ဖြတ်သန်းလာရင်းနဲ့ စမ်းချောင်းကလေးဟာ
ညီလေး ညီမလေးတို့အားလုံးပါဝင် စုရုံးစေတဲ့
“တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး” အဖြစ်စီးဆင်းလျှက်ပေါ့
ညီလေး ညီမလေးတို့ရေ
အနာဂတ်ပဲ့ကိုင်ရှင် စမ်းချောင်းကလေးကတော့ စီးဆင်းမြဲပေါ့ကွယ်
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ
ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေ
တအာင်းမြေပေါ် ပြန်လည်ရောက်ရှိလာချိန်ထိ စီးဆင်းနေမှာပါ
ပြီးတော့လည်း ဆက်ဆက် စီးဆင်းနေမှာပါ
ကမ္ဘာတည်သရွေ့ထိ အားမာန်အပြည့်နဲ့ စီးဆင်းနေမှာပါ
(တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး ဒုတိယကြိမ်မြောက်ညီလာခံ အမှတ်တရ)
၂၊ ၀၁၊ ၂၀၀၉
ဘုန်းကျော် (လက်ဖက်မြေ)
No comments:
Post a Comment