ညီမလေးတို့ရေ …
ဖြတ်သန်းနေရတဲ့ သမိုင်းကြောင်းမှာ
လက်တွေ့လူထုအကျိုးပြုလုပ်ငန်းတွေ ထုဆစ်လို့
တအာင်းသမိုင်းတချိုးမှာ ကမ္ဗည်းထိုးလိုက်ပါပြီ…
တကယ်တော့
အမျိုးသားလွတ်မြောက်ရေး
လူထုဘ၀မြှင့်တင်ရေး
နိမ့်ကျနေတဲ့ ကိုယ်တို့တအာင်းအမျိုးသမီးတွေရဲ့ဘဝ
ငြိမ်းချမ်းသာယာလှပဖို့ကအစ
ဦးဆောင်မှုအခန်းကဏ္ဍကို ရောက်လာဖို့ ဆိုတာ
ညီမလေးတို့အလုပ်က တကယ်မလွယ်ပါ…
မလွယ်တဲ့အလုပ်ကို
ခဲရာခဲဆစ် အပေါင်းလက္ခဏာဖြစ်အောင်
စွမ်းဆောင်လာနိုင်တာ ညီမလေးတို့ပါ …
တော်လှန်ရေးသမိုင်းမှာ
အနှိုင်းမဲ့အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်ဖို့ဆိုတာ
အသက်အရွယ် တခုတည်းအပေါ်မှာ…
ပညာရေးအဆင့်အတန်း တခုတည်းအပေါ်မှာ…
အတွေ့အကြုံ တခုတည်းအပေါ်မှာ…
မတည်မှီပါဘူး …
တအာင်းလူမျိုး တခုလုံးအတွက်
မြန်မာပြည်သူလူထု တခုလုံးအတွက်
ကမ္ဘာပြည်သူ တခုလုံးအတွက်
အားလုံးရဲ့…
ရင်ခွင် ကျယ်ကျယ်ဖွင့်ထားရမယ်
စိတ်အာဟာရ မှန်မှန်တိုက်ကျွေးရမယ်
စဉ်းစားဝေဖန် တီထွင်နိုင်စွမ်းတဲ့ ဦးနှောက်တွေကွန့်မြူးရမယ်
သီးခံနိုင်စွမ်းတရား ပွားများရမယ်…
တကယ်တမ်းတော့ … ညီမလေးရေ …
ညီမလေးတို့ ထုဆစ်နေတဲ့
“ပလောင်အမျိုးသမီးအစည်းအရုံး” ဆိုတဲ့အဖွဲ့ဟာ
တို့ တအာင်းလူမျိုးတခုလုံးအတွက်
မေတ္တာရေအေး ငြိမ်းချမ်းရေးတေးတွေ
အစဉ်ပက်ဖျန်း ဝေဆာနေမဲ့
မြတ်သောမာတာ စမ်းသီတာ ပါ …
(ပလောင်အမျိုးသမီးအစည်းအရုံး ဒုတိယကြိမ်မြောက်ညီလာခံ အမှတ်တရ)
၁၊ ၀၁၊ ၂၀၀၉
ဘုန်းကျော် (Tealand)
No comments:
Post a Comment