Thursday, April 21, 2011

ဖြတ်မျဉ်းသစ္စာ

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ချာချီ ကပြောတယ်

ကိုယ့်သမိုင်းကို သေချာစေချင်ရင်

ကိုယ်ကိုယ်တိုင် အရင်ဦးဆုံး စရေးပါ တဲ့။


သိပ်သေချာတာပေါ့

ကိုယ်ဘာလုပ်ခဲ့သလဲ အသိဆုံးက ကိုယ် ကိုယ်တိုင်ပဲလေ။

ပလောင်သမိုင်းကို ရေးဖို့

ပလောင်ကသာ အသေချာဆုံးမို့

ညီလေးတို့

ညီမလေးတို့

အကိုတို့အားလုံးက ၀ိုင်းရေးကြရမှာမဟုတ်လား။

ကဲ အကိုတို့ဘာတွေကို ဘယ်လိုရေးကြမှာလဲ။

ကမ္ဘာ့ပထ၀ီမြေကြီးပေါ်က ဗူးစေ့သာသာ ဗမာပြည်မှာ

လူသူအနေကျဲတဲ့ တောင်ပေါ်ဇနပုဒ်ရွာ

အဲဒီနေရာတွေမှာ

တို့ပလောင်လူမျိုး အခြေချနေထိုင်လာတာ နှစ်ပေါင်းထောင်ချီရှိတာကို

သေသေချာချာ သိတယ်

တိကျတဲ့ ခုနှစ်သက္ကရာဇ်တော့ မပြနိုင်ဘူးပေါ့။

တောင်ပေါ်မှာ မွေ့လျှော်ပျော်ပါးတဲ့ တို့လူမျိုးမှာ

အစဉ်အဆက်အုပ်ချူပ်ခဲ့တဲ့ တောင်ပိုင်စော်ဘွားဆက်တွေရှိခဲ့တယ်။

မြင့်မားတောခေါင်မှာပျော်ပါးရင် ငြိမ်းချမ်းအေးမြမှုကို မြတ်နိုး

ရိုးအတဲ့ ပလောင်လူမျိုးမှာ ရှေ့ပဝေသဏီမှတ်တမ်း

ယဉ်ကျေးမှုထုံးတမ်းတွေ စာနဲ့ပေနဲ့ သက်သေပြဖို့ခက်ခဲနေဆဲ။

ပြည်နယ်ပျောက် ကျွန်သဘောက်ဘ၀နဲ့

သူများရဲ့အဖီမှာ ကိုယ့်သားစဉ်မြေးဆက်အခြေပြုဖို့

တို့တောင်ပိုင်စော်ဘွားက လက်မှတ်ရေးထိုးခဲ့တယ်။

အများပြည်သူတိုင်းရင်းသားတွေအတွက်တော့ သမိုင်းဝင်ပင်လုံစာချုပ်တဲ့။

၁၉၆၀ ကျော်အလွန်မှာ

ကျောထောက်မှ ဓါးပြမှန်းသိ

ကိုယ့်ပလောင်ဘ၀ပကတိကို သိကြတော့

မျိုးချစ်ပလောင်တွေက ပလောင်ပြည်နယ်အရေး

ဓါးသွေးခဲ့ကြတယ်။

တုန်မီးပြောင်းကို ယမ်းဝအောင်ထောင်းခဲ့ကြတယ်။

တောင်ပိုင်တခွင်ကို ယမ်းငွေ့တွေနဲ့မှိုင်းတိုက်ပြီး

ဂုဏ်ယောင်ပြောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် ကို

ပလောင်ပြည်သူတွေရဲ့သွေး၊ ချွေး တွေနဲ့တည်ဆောက်ခဲ့ကြတယ်။

တို့ပလောင်အလံကို အမြင့်ဆုံးမှာလွှင့်ထူ

ပလောင်ပြည်သူတွေရဲ့ ရင်ပွတ်သဲအူမှာ

အကောင်းဆုံးသမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ကြတယ်။

ဒီလိုနဲ့ ၉၁ ရောက်တော့

စစ်အာဏာရှင်တွေရဲ့ ပရိယာယ်တွင်း

မိုက်ဇာတ်ခင်းပြီး သက်ဆင်းခဲ့ကြရတယ်။

အညံ့အဖျင်းတွေ ဇာတ်ပေါင်းတော့

ပလောင်ပြည်သူသွေးချွေးနဲ့တည်ဆောက်ခဲ့တဲ့ တို့တပ်မတော်လဲ

၂၀၀၅ မှာ နိဂုံးကမ္ပတ် အဆုံးသတ်ရပါတော့တယ်။

ရာဇ၀င်သမိုင်းကို ဆက်သယ်ပိုးဖို့

တပ်ဦး၊ လူငယ်၊ အမျိုးသမီး မျိုးစေ့

တစေ့၊ နှစေ့၊ သုံးလေးစေ့ တော့ ကြဲဖြန့်ခဲ့ပါရဲ့။

ဟော အခု ၂၀၁၀ အလှဲ့အပြောင်းမှာ

အတုအယောင်တွေ ဟန်ဆောင်ထားတဲ့ ရွေးကောက်ပွဲ

ကိုယ်ပြည်သူလူထုကို မွဲသထက်မွဲအောင် ဖိနှိပ်မဲ့သူကို

ထမ်းတင်မဲ့သူ

ပွဲလန့်ဖြာခင်းသူ

သေနတ်မိုး လွှတ်တော်မှာ အဖြည့်ခံအမတ်ဖြစ်ချင်သူ

ကိုယ့်သမိုင်းကို ညစ်ထေးတဲ့အဆင်တန်ဆာတွေနဲ့ ဆေးချယ်ချင်သူတွေ

တပုံတပင်ကြီးရှိနှင့်နေတော့တယ်။

ပလောင်အမျိုးသားရေးတာဝန်ကို ပုခုံးပေါ်မှာတင်ထားတယ်လို့ ခံယူတဲ့

တို့ တပ်ဦး၊ လူငယ်၊ အမျိုးသမီး တွေကရော

ဒီပွဲမှာ

ကိုယ်ကသမိုင်းကြောင်းကို

ပလောင်သမိုင်းကြောင်းကို

ဘာတွေ ဘယ်လိုရေးကြမလဲ။

ဆရာအောင်သင်း ကတော့

သမိုင်းကို သုံးသပ်ရာမှာ အားနာနေလို့ရှိရင် အနာဂတ်ကိုသစ္စာဖောက်ရာရောက်တယ် တဲ့။

တို့ ပလောင်လူမျိုးရဲ့ အနာဂတ်ကို သစ္စာဖောက်ရာမရောက်အောင်

တို့ တပ်ဦး၊ လူငယ်၊ အမျိုးသမီးတွေ

အားအင်အပြည့်နဲ့ ဒီသမိုင်းတကွေ့ကို မှန်သောသစ္စာတွေပြည့်နှက်နေစေမဲ့

ဖြတ်မျဉ်းသစ္စာ ခပ်သွက်သွက်တချို့နဲ့

ရဲရဲဝံ့ဝံ့ကြီး ကမ္ဗည်းသစ္စာ ရေးထိုးလိုက်ကြစို့လား။

ဘုန်းကျော် (လက်ဖက်မြေ)

၂၀၁၀၊ ၁၀၊ ၂၁

နံနက် ၅ နာရီ ၃၅ မိနစ်

No comments: