Saturday, November 26, 2011

မဒတ ဒီပလိုမာ


အခါအခွင့်သင့်လို့
မဒတ မှာ တော်လှန်ရေးအဘိဓမ္မာ
သင်ကြားခွင့်ရခဲ့တယ်။

မဒတ ၇၆ မှာဖွားတော့
ငါကပုခက်တွင်း တနှစ်တင်းတင်းပြည့်ပေါ့။




၃၄ နှစ်သား တပ်ပေါင်းစုအတွင်းရေးမှူး
တော်လှန်ရေးကျေးဇူးပြုဖို့
ဖထီးမန်းက …
ဘုံရန်သူ ပျက်ဆီးရာပျက်ဆီးကြောင်းကောင်းမှု
အမြဲတွေးတော ထုဆစ်ဖို့ ပျိုးစေ့တွေပြုစုပေးတယ်။

ဒီလိုနဲ့ သုံးနှစ်သုံးမိုး
တော်လှန်တဲ့အသိတွေတိုးလို့
ကျဆုံးခြင်း၊ အောင်မြင်ခြင်း ပန်းပွင့်တွေနဲ့
တရာကျော် အစည်းဝေးတောမှာ
ငါနှစ်မျောခဲ့ရတယ်။

မဒတ နဲ့အမ်ဘီကေ အလွမ်းတောမှာ
ကာရံမောကဗျာဆွေး
ယူအန်အဖ်စီ ဖက်ဒရယ်ကောင်စီ ထပ်မွေးတယ်။

မဒတ နဲ့အမ်ဘီကေ အလွမ်းတောမှာ
မြောက်ပိုင်းရှေ့ပိုင်း
အကုန်ဝိုင်းလို့ သေနတ်ပေါက်တယ်။

မဒတ နဲ့အမ်ဘီကေ အလွမ်းတောမှာ
လောက်ကောင်တွေ အတုယောင်ရွေးကောက်ပွဲ
ဆင်နွှဲကြတယ်။

မဒတ နဲ့အမ်ဘီကေ အလွမ်းတောမှာ
ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်ဖို့
သခင့်လက်ကိုက်တဲ့ခွေးဆီ မှတ်ပုံတင်ခဲ့ရတယ်။

မဒတ နဲ့အမ်ဘီကေ အလွမ်းတောမှာ
ငါ့ဟီးရိုး မင်းကိုနိုင်
သံတိုင်ကြားမှာ နှစ်ခြောက်ဆယ်ကျော်။

မဒတ နဲ့အမ်ဘီကေ အလွမ်းတောမှာ
အမျိုးသားကောင်စီNCUBလည်း နွှံနှစ်မဲ့အဖြစ်က ရုန်းကန်ရဆဲ။

ဒီလိုပါပဲ…
ပုခုံးပေါ်တင်ထားတဲ့ သမိုင်းပေးတာဝန်
အားလုံးက ကျေပြွန်ဖို့ပဲ။

ဒေါ်စုက ဒေါ်စုလမ်းကိုလျှောက်
မင်းကိုနိုင် က မင်းကိုနိုင် လမ်းကိုလျှောက်
သိန်းစိန်က သိန်းစိန်လမ်းကိုလျှောက်
အမ်ဘီကေလည်း အမ်ဘီကေလမ်း… လျှောက်။

လမ်းတကယ်လျှောက်တာမှန်ရင်
ရည်မှန်းချက်မပျောက်ပါဘူး။

လူ့ဘ၀နောက်ဆုံး ဆုံချက်က
တခုတည်းပါ။

ဒီလိုနဲ့ သုံးနှစ်တာခရီးမှာ
တပ်ပေါင်းစုကပေးတဲ့
တော်လှန်ရေး ဒီပလိုမာတခု
ငါ့ရင်ဘတ်မှာ မှတ်ကျောက်ပြုထားတယ်။ ။

နံနက် ၆ နာရီ ၁၅ မိနစ်
၂၆၊ ၁၁၊ ၂၀၁၁
ဘုန်းကျော် (လက်ဖက်မြေ)

(အမ်ဘီကေ- Mai Bhone Kyaw - MBK)

(အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု- မဒတ မှာ အေပြီလ ၉ ရက် ၂၀၀၉ ခုနှစ်ကနေ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ်ထိ တော်လှန်ရေးရင်နို့သောက်စို့ခဲ့ပါတယ်။)

No comments: